မပြီးဆုံးသေးသော ဖိလစ်ပိုင် မူးယစ်ဆေးဝါးတိုက်ဖျက်မှုနှင့် ICC ကိုပြက်ရယ်ပြု အာခံလိုက်သည့် ဒူတာတေ

မပြီးဆုံးသေးသော ဖိလစ်ပိုင် မူးယစ်ဆေးဝါးတိုက်ဖျက်မှုနှင့် ICC ကိုပြက်ရယ်ပြု အာခံလိုက်သည့် ဒူတာတေ

ဖိလစ်ပိုင်နိုင်ငံအတွင်း အစိုးရကလုပ်ဆောင်နေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများမှာ ပြီးဆုံးခြင်းမရှိသေးကြောင်း သမ္မတရိုဒရီဂိုဒူတာတေက ပြောကာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို ပြက်ရယ်ပြုလိုက်ပြီဖြစ်သည်။

နိုင်ငံအတွင်းအစိုးရက လုပ်ဆောင်နေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်မှုများသည် ရာဇဝတ်မှု ဖြစ်ပွားနှုန်းကို ကျဆင်းလာစေသော်လည်း ပြီးဆုံးရန် အချိန်များစွာလိုအပ် နေသေးကြောင်း ဒူတာတေက ဇူလိုင် ၂၆ ရက် နိုင်ငံတော်မိန့်ခွန်းတွင် ထည့်သွင်းပြော ခြင်းဖြစ်သည်။

ဒူတာတေအစိုးရသည် နိုင်ငံအတွင်း၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ငါးနှစ်ကျော်ကြာပြင်းပြင်းထန်ထန် နှင့် ထိထိရောက်ရောက် ဖော်ဆောင်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် လူထောင်ပေါင်းများစွာ သေဆုံးရာ ဖိလစ်ပိုင် အစိုးရ၏  မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းအပေါ် လူ့အခွင့်အရေး အဖွဲ့အစည်း များနှင့် အနောက်နိုင်ငံအချို့က အပြစ်တင်ဝေဖန်ခဲ့သည်ကိုတွေ့ရသည်။

သို့သော် ဖိလစ်ပိုင်အစိုးရက ဖော်ဆောင်နေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်မှုကြောင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအခြေအနေများမှာ ပိုမိုကောင်းမွန်လာကြောင်း ဒူတာတေက ၎င်း၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ကာကွယ်ပြောဆိုထားသည်။ ဒူတာတေသည် သမ္မတအဖြစ်တာဝန် ထမ်းဆောင်စမှာပင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို  အကောင်အထည်ဖော်ခြင်းဖြစ်သည်။

အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများအတွင်းဖြစ်ပွားခဲ့သည့် လူသေဆုံးမှု များနှင့်စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်ရန် ICC မှ ရှေ့နေများက ပြီးခဲ့သည့်လတွင် ကြိုးပမ်းသည်။ သို့ရာတွင် အဆိုပါရှေ့နေများ၏ ကြိုးပမ်းမှုများကို သမ္မတဒူတာတေ က ပြက်ရယ်ပြုတုံ့ပြန်ထားသည်။

ဒူတာတေက ၎င်းသည် နိုင်ငံကိုဖျက်ဆီးမည့် မည်သူ့ကိုမဆို ချေမှုန်းသွားမည်ဖြစ် ကြောင်း၊ နိုင်ငံအတွင်းရှိလူငယ်၊ လူရွယ်များကိုဖျက်ဆီးသူများကို အရေးယူချေမှုန်းမည်ဖြစ်ကြောင်း ပြောဆိုတုံ့ပြန်ထားသည်ကိုတွေ့ရသည်။

တစ်နည်းအားဖြင့်ဆိုလျှင် အစိုးရအနေဖြင့် နိုင်ငံနှင့်နိုင်ငံအတွင်းရှိလူငယ်၊ လူရွယ် များ၏ ဘ၀အညွန့်တုံးစေမည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ မည်သူ့ကိုမဆို   ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ဒူတာတေကဆိုလိုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖိလစ်ပိုင်နိုင်ငံသည် မူးယစ်ဆေးဝါး၏ ဖျက်ဆီးမှုကိုခံနေရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့်ပင်ဖြစ်သည်။

ထို့ကြောင့် သမ္မတဒူတာတေသည် ၂၀၁၆ ခုနှစ်မှစ၍ နိုင်ငံနှင့်နိုင်ငံအတွင်းရှိ လူငယ်များကို အဓိကဒုက္ခပေးနေသည့် မူးယစ် ဆေးဝါးအန္တရာယ်ကို ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် ထိရောက်စွာလုပ်ဆောင်ခြင်း ဖြစ်သည်ကိုတွေ့ရသည်။

ဖိလစ်ပိုင်ရှိ မူးယစ်ဆေးဝါးအသုံးပြုမှု ဖြစ်စဉ်များကိုကြည့်မည်ဆိုပါက အများစုမှာ ဆယ်ကျော်သက်အရွယ်များမှစ၍ မူးယစ်ဆေးဝါးကို အသုံးပြုခြင်းဖြစ်သည်ကို တွေ့ရ မည်ဖြစ်သည်။ အဓိကအားဖြင့် မူးယစ် ဆေးဝါးစတင်အသုံးပြုသည့်အရွယ်မှာ  အသက် ၁၅ နှစ်မှ ၁၉ နှစ်ရှိ လူငယ်များ ဖြစ်သည်။ မူးယစ်ဆေးဝါးများကို စတင်အသုံးပြုသူများအနက် အနည်းဆုံး ၅၀ ရာခိုင်နှုန်းမှာ အဆိုပါမူးယစ်ဆေးဝါးများကို အလွယ်တကူ ရရှိနိုင်ခြင်း ကြောင့်ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ရရှိနေသည့်အတွက်လည်း လူငယ်အချို့မှာ အမျိုးမျိုးသော မူးယစ်ဆေးဝါးများ အသုံးပြုလာသည်ကိုတွေ့ရသည်။ နောက်ဆုံးတွင် အဆိုပါဆယ်ကျော်သက်များနှင့် လူငယ်၊ လူရွယ်များမှာ မူးယစ်ဆေးဝါး မသုံးရလျှင်မနေနိုင်သည့် မူးယစ် ကျေးကျွန် ဘဝသို့ ရောက်မှန်းမသိရောက်ရှိ သွားရသည်။

ထိုအကြောင်းအချက်များသည် ဒူတာတေအစိုးရအနေဖြင့် နိုင်ငံအတွင်းမူးယစ်ဆေး ဝါးတိုက်ဖျက်ရေးကို ထိရောက်စွာလုပ်ဆောင်လာစေရန် တွန်းအားပေးနေသည့် အကြောင်း ရင်းများဖြစ်သည်ဟုဆိုနိုင်သည်။

ဒူတာတေအနေဖြင့် နိုင်ငံအတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကလုပ်ဆောင်နေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်မှုအတွင်း လူအသေအပျောက် ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ငြင်းဆိုထားခြင်းမရှိပေ။

သို့သော် ၎င်းသည် နိုင်ငံနှင့်နိုင်ငံအတွင်း ရှိလူငယ်၊ လူရွယ်များ၏ဘ၀ ဆက်လက် ရှင်သန်ရေးအတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို  ဆက်လက်လုပ်ဆောင်ရ မည်ဟု ခံယူထားပုံရသည်။

ထို့ကြောင့် ICC ကပေးသည့် ဖိအားများကိုမမှုဘဲ လုပ်ဆောင်သင့်သည်များကို ဆက်လက် လုပ်ဆောင်နေခြင်းဖြစ်သည်။ အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ အတွင်း လူ ၆၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

သေဆုံးသူအများစုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုများအတွင်း သေဆုံးခြင်းဖြစ်သည်။ ဒူတာတေ၏ ဖိလစ်ပိုင် အစိုးရက ဖော်ဆောင်နေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်မှုများအတွင်း    လုံခြုံရေး တပ်ဖွဲ့ဝင်များက  မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသော မူးယစ်ရာဇာ  ထောင်ပေါင်း များစွာကိုပါ ဖမ်းဆီးနိုင်သည်။

ထို့ပြင် အစိုးရ၏လုပ်ဆောင်ချက်သည် မူးယစ်ဂိုဏ်းများကြား ဖြစ်ပွားလေ့ရှိသည့်  အပြန်အလှန် ပစ်ခတ်မှုများကိုပါ လျှော့ချနိုင်ခြင်းကြောင့် ယခုအခါ ရာဇဝတ်မှုများမှာ တဖြည်းဖြည်းလျော့ကျလာပြီဖြစ်သည်။

ဒူတာတေသည် အသက် ၇၆ နှစ်ရှိပြီ ဖြစ်သည့်အတွက် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက် အရွေးခံနိုင်ခြင်းမရှိပေ။ သို့သော် ဒုတိယသမ္မတအဖြစ်  ဝင်ရောက်အရွေးခံ ဖွယ်ရှိသည်။

ထို့ကြောင့် ဒူတာတေသည် ကျန်ရှိနေသည့် သမ္မတသက်တမ်းကာလအတွင်း ICC ၏ ဖိအားပေးမှုကိုအာခံ၍   နိုင်ငံနှင့်နိုင်ငံ အတွင်းရှိ   လူငယ်၊  လူရွယ်များအတွက် အလွန် အရေးကြီးသည့် မပြီးပြတ်သေးသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ဆက်လက် ဖော်ဆောင်သွားမည့် အလားအလာရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Ref: US News, France 24