မယ်စဲ့မြို့နယ်၌ ငရုတ်စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

ကယားပြည်နယ်   ဘောလခဲခရိုင် မယ်စဲ့မြို့နယ်၌ သီးညှပ်အဖြစ် တစ်နိုင်တစ်ပိုင်  ငရုတ်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။

''ငရုတ်ကို နှမ်းကြဲတဲ့အချိန်မှာ ရောကြဲပြီး နှမ်းခုတ်ချိန်ရောက်တော့ ငရုတ်ပင်တွေ တက်လာပါတယ်။ ဒီဒေသက ငရုတ်ကို မြေအောက်ရေနဲ့သာ အားထားစိုက်ပျိုးလေ့ရှိပြီး နိုဝင်ဘာလမှာ စတင်ဆွတ်ခူးပါတယ်။

အခုပေါက်ဈေးကတော့ ငရုတ်သီးခြောက် တစ်ပိဿာကို ငွေကျပ် ၈ဝဝဝ၊ အညှာခြွေပြီးသားဆိုရင် ငွေကျပ် ၉၅ဝဝ နဲ့ရောင်းရတယ်''ဟု ငရုတ်စိုက် တောင်သူတစ်ဦးက ပြောသည်။

မယ်စဲ့မြို့နယ်မှ ထွက်ရှိသည့် ငရုတ်ကို လွိုင်ကော်မြို့သို့ တင်ပို့ရောင်းချရပြီး ယခင်က နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ဖွင့်လှစ်ချိန်တွင်  ထိုင်းနိုင်ငံသို့   တင်ပို့ရောင်းချရသဖြင့် ဈေးကောင်းရရှိကြောင်းနှင့် မိသားစုစားသုံးရန်  သီးညှပ်အဖြစ်တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြီး ပိုလျှံသော ငရုတ်သီးခြောက်ကို ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း ဒေသခံတောင်သူ တစ်ဦးထံမှ သိရသည်။