မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်း ညမထွက်ရအမိန့်ကို ဖောက်ဖျက်၍ တရား မဝင် လက်နက်ကိုင်ဆောင်၊ ပစ်ခတ်သူအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်

မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်း ညမထွက်ရအမိန့်ကို ဖောက်ဖျက်၍ တရား မဝင် လက်နက်ကိုင်ဆောင်၊ ပစ်ခတ်သူအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်

နေပြည်တော်၊ မတ် - ၄
    
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်း မတ်လ ၂ ရက် ည ၁၀ နာရီခန့်တွင် ရပ်ကွက်အတွင်းနေသူအချင်းချင်း စကားများရာမှ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်သူအား တာဝန်သိပြည်သူများက နယ်မြေခံရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း သိရှိရသည်။
    
ဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ (၈) လမ်းနေ စောအုန်းထွန်း (ဘ) ဦးမြဟန်၊ အသက်( ၄၂) နှစ်သည် ယင်းနေ့ ည ၁၀ နာရီခန့်တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို လိုက်နာမှုမရှိဘဲ Suzuki  အမျိုးအစား မော်တော်ယာဉ်ဖြင့် ပြင်ပမှနေအိမ်သို့ပြန်လာစဉ် လမ်းထိပ်တွင်ရောက်ရှိနေသော တစ်ရပ်ကွက်တည်းနေသူ ဦးသံချောင်း(ဘ)ဦးထွန်းတင် က မေးမြန်းရာမှ အချင်းများကြပြီး ပစ္စတိုသေနတ်ဖြင့် ပစ်ခတ် ခဲ့သဖြင့် ဦးသံချောင်း၏ ယာဘက်ပုခုံးနှင့် ယာလက်ဖဝါးတို့တွင် ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ 
    
ထိုသို့ ဖြစ်ပွားခဲ့သဖြင့် ရပ်ကွက်နေပြည်သူများက စောအုန်းထွန်းအား ဝိုင်းဝန်းဖမ်းဆီး ခဲ့ပြီး ဘုရင့်နောင်နယ်မြေရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း သိရှိရသည်။ ကနဦးစိစစ်ချက် များအရ အဆိုပါ စောအုန်းထွန်းဆိုသူသည် KNU/KNLA(PC)  မှ စီးပွားရေး တာဝန်ခံတစ်ဦး ဖြစ်ကြောင်း အစစ်ဆေးခံခဲ့ပြီး သီရိမင်္ဂလာဈေးတွင် ဈေးရောင်းဝယ်ရေး လုပ်ကိုင်နေသူတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။
    
ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ဆန့်ကျင်ဖောက်ဖျက်ပြီး တရားမဝင်လက်နက်ကိုင်ဆောင်သူ စောအုန်းထွန်းအား တရားဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။