မလေးရှား၌ ရုပ်မြင်သံကြားမှတစ်ဆင့်သင်ကြားရေးစနစ်စတင်

ကွာလာလမ်ပူ၊ ပညာရေး

မလေးရှားအစိုးရသည် အွန်လိုင်းသင်ကြားရေးစနစ်ကို တက်ရောက်သင်ယူနိုင်ခြင်း မရှိသည့်ကျောင်းသားများ အတွက် ကျောင်းသင်ခန်းစာများကို ပညာရေးဆိုင်ရာရုပ်မြင်သံကြား အစီအစဉ်မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် သင်ကြားမှုကိုစတင်ကြောင်း ဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်က ပြောသည်။

မလေးရှားအစိုးရသည် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်စာသင်ကျောင်းများကို  ပိတ်လိုက်ရပြီး  ကျောင်းသားများကို နေအိမ်မှနေ၍ အွန်လိုင်းသင်ကြားရေးစနစ်ဖြင့် သင်ယူစေသည်။

သို့သော် အွန်လိုင်းသင်ကြားရေးစနစ်သည် လပ်တော့နှင့်တက်ဘလက်စသည့် အထောက်အကူပြု ပစ္စည်းများ မရှိသည့် ကျောင်းသားများနှင့် အင်တာနက်လိုင်းနှေးခြင်း သို့မဟုတ် အင်တာနက်မရရှိသည့် ကျေးလက်ဒေသ ရှိကျောင်းသားများ ပညာသင်ယူနိုင်ခြင်းမရှိသည်ကို  အစိုးရကသိရှိ နားလည်သည့်အတွက် ရုပ်မြင်သံကြားမှ တစ်ဆင့် ထုတ်လွှင့်သင်ကြားရေးစနစ်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားများနှင့် ဆရာများအတွက်သင့်လျော်သော မည်သည့် သင်ကြား ရေးနည်းလမ်းမဆို  အမြဲတမ်းအလေးထားကြောင်း ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၁၇ ရက်တွင် Didik TV ရုပ်မြင်သံကြားလိုင်းမှ သင်ခန်းစာများ ထုတ်လွှင့်သင်ကြားစဉ်ပြောခြင်း ဖြစ်သည်။

ယခုကဲ့သို့နည်းဖြင့်စာသင်ကြားခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ သင်ကြားရေးဆိုင်ရာ မာတိကာ များကို ထိုရုပ်မြင်သံကြားလိုင်းတွင်ကြည့်ရှုပြီး နေ့စဉ်နံနက် ၇ နာရီမှစတင်ကာ တစ်ရက်လျှင် ၁၇ နာရီနှုန်း ဖြင့် နေ့စဉ်သင်ယူနိုင်ကြောင်း သိရသည်။

ရုပ်မြင်သံကြားသင်ကြားရေးစနစ်တွင် ပါဝင်သည့်မာတိကာသည် ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်း နှင့် ပူးတွဲသင်ရိုးညွှန်းတမ်းတို့ကို  အခြေခံထားကြောင်း သိရသည်။                     

Ref: TST