မဟာအောင်မြေမြို့နယ်၊ မနိရတနာရာမမြတောင်ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်၊ ထရန်စဖော်မာတပ်ဆင်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်း

မဟာအောင်မြေမြို့နယ်၊ မနိရတနာရာမမြတောင်ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်၊ ထရန်စဖော်မာတပ်ဆင်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မနိရတနာရာမမြတောင် ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ထရန်စဖော်မာအတွက် အလှူငွေ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်ရှိ ဗိမာန်တော်ကြီး၌ ပြုလုပ်ရာ မနိရတနာရာမမြတောင်ကျောင်းတိုက် သာယာဝင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသာဂရာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မနိရတနာရာမမြတောင်ကျောင်းတိုက် သာယာဝင်းကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ပရိတ်တရားတော်များကို နာယူကြပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ထရန်စဖော်မာ တပ်ဆင် ရန်အတွက် အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေးအပ် လှူဒါန်းရာ မနိရတနာရာမမြတောင်ကျောင်းတိုက်၊ မဏီစလ လူမှု၊ နာမှု၊ ကူညီရေး အသင်း(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးသည်။
၎င်းနောက် မနိရတနာရာမမြတောင်ကျောင်းတိုက် သာယာဝင်းကျောင်းဆရာတော် ထံမှ အနုမောဒနာတရား နာယူကာ လှူဒါန်းမှုအစုစု ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။