မာစီဒီးက တက်စလာထက်သာလွန်မည့် လျှပ်စစ် SUV ကားကိုထုတ်ဖော်ပြသ

ဘာလင်၊ စီးပွားရေး

မာစီဒီးမော်တော်ကားကုမ္ပဏီက လက်ရှိလျှပ်စစ်စွမ်းအင်သုံးမော်တော်ကားဈေးကွက်တွင်မင်းမူနေသော တက်စလာထက်သာလွန်မည့် လျှပ်စစ်စွမ်းအင်သုံး SUV ကားတစ်စီးကို   ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ဖော်ပြသလိုက်သည်။ ထိုကား၏မော်ဒယ်မှာ EQA ဖြစ်ပြီး ယခုနှစ်အတွင်းထွက်ပေါ်လာမည့် လျှပ်စစ်ကားများအနက် ပထမဆုံးကားဖြစ်ကာ တစ်ကြိမ်အားသွင်းပြီးလျှင် ၂၅၆ မိုင်အထိခရီးသွားနိုင် မည်ဖြစ်ကြောင်း    မာစီဒီး ကုမ္ပဏီကထုတ်ပြန်ထားသည်။

အဆိုပါကားကို ဥရောပ၌ ဖေဖော်ဝါရီ ၄ ရက်တွင်စတင်ရောင်းချသွားမည်ဖြစ်ပြီး အလွန်ဆွဲဆောင်မှု ရှိသော ဈေးနှုန်းဖြစ်စေရမည်ဖြစ်ကြောင်း ကုမ္ပဏီထိပ်တန်းတာဝန်ရှိသူကပြောသည်။ ဥရောပသမဂ္ဂ၏ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုရည်မှန်းချက်များကို ပြည့်မီစေရေးအတွက်  ကားထုတ်လုပ်သူ များက လျှပ်စစ်ကားများကို တီထွင်ထုတ်လုပ်လာခြင်းကြောင့် ပြီးခဲ့သည့်နှစ်မှစ၍  အဆိုပါကား အမျိုးအစားများ အရောင်းသွက်လာခြင်းဖြစ်သည်။

လက်ရှိတွင် တက်စလာကုမ္ပဏီ Tesla Model 3 လျှပ်စစ်ကားက ကမ္ဘာပေါ်တွင်အရောင်းရဆုံး    လျှပ်စစ်ကားဖြစ်နေပြီး ၎င်းင်း၏နောက်တွင်    ရီနော့ကုမ္ပဏီထုတ် ဇိုးက ကပ်လျက်လိုက်ပါနေကြောင်း သိရသည်။