မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါ စရိယ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏ၊ လယ်ဝေးမြို့၊ အင်းသာအရှေ့ကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ပဏ္ဍိတ၊ တိုင်းဩဝါဒါစရိယ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးစာသင် တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသနှင့် မာရဝိဇယရုပ်ပွားတော် မြတ်ကြီးတည်ဆောက်ရေး ဩဝါဒါစရိယဆရာတော် ပျဉ်းမနားမြို့၊ ပါဠိ တက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့ များ တက်ရောက် ကြည်ညိုကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မာရဝိဇယဗုဒ္ဓပူဇာဘွဲ့သီချင်းဖြင့် သီကျူးပူဇော်၍ မင်္ဂလာငွေခရု၊ အောင်စည် အောင်မောင်းတို့ကို အောင်ကြောင်းမင်္ဂလာအဖြစ် သုံးကြိမ် တီးခတ်ပူဇော်ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဆရာတော်ကြီးများ ရွတ်ပွား သရဇ္စျာယ်တော်မူကြသည့် သမန္တာမှစ၍ မေတ္တသုတ်၊ အာဋာနာဋိယသုတ်၊ ဓဇဂ္ဂသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တော်များနှင့် ဇယမင်္ဂလာဂါထာတော်များကို နာယူကြည်ညိုကြပြီး ဘုရားဒါယကာ၊ ဒါယိကာမများက ရတနတ္တယပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာ တို့ကို သံပြိုင်ညီညာ ရွတ်ဆိုပွားများ ပူဇော်ကြသည်။
ယင်းနောက် ဆရာတော်ကြီးများ အမှူးပြု၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာပလ္လင်တော်အနီးရှိ သတ်မှတ်နေရာများတွင် နေရာယူကြပြီး ရတနာပလ္လင် တော်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဆင်းတုတော်အပိုင်း(၄)အား ထည့်သွင်း ထားသည့် သံမဏိရတနာပန်းတောင်းတော်နှင့် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင် ပူဇော်မည့် သံမဏိမျှော်စင်ကရိန်းနေရာ(၃) ခုတို့အား ပရိတ်နံ့သာရည်များ ပက်ဖျန်း ပူဇော်၍ သိဒ္ဓိမင်္ဂလာဆင်ယင်သည်။
ထို့နောက် အခမ်းအနားမှူးက မင်္ဂလာအခါတော်စာတမ်းကို ဖတ်ကြားပြီး မင်္ဂလာအချိန်တော်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ စက်ခလုတ်နှိပ်၍ မင်္ဂလာစက်ယန္တရားများ ဖြင့် စတင်ပင့်ဆောင်ပူဇော်သည်။
ထို့နောက် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ခြင်း လုပ်ငန်းများကို လုပ်ငန်းစဉ်အလိုက် ဆက်လက်ဆောင်ရွက်ရာ သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယ မင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော် ကြသည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင် ပင့်ဆောင်ပူဇော်ရာတွင် ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ယနေ့ပင့်ဆောင်သည့် ဆင်းတုတော်အပိုင်း (၄)၏ စုစုပေါင်း အလေး ချိန်မှာ တန် ၅၀၀ ဖြစ်ကြောင်း၊ အဆိုပါ ဆင်းတုတော်အစိတ်အပိုင်းကြီးအား သံမဏိ မျှော်စင်ဝန်ချီစက် အသုံးပြု၍ ရတနာပလ္လင်တော်ပေါ်သို့ ပင့်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်ပြီး အောင်ဆုမင်္ဂလာအမျှဝေစာတမ်းလွှာဖတ်ကြား၍ မေတ္တာပို့ အမျှ ပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ မဟာမင်္ဂလာအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
အဆိုပါ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထား ကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထား သည့် ဆင်းတုတော်အစိတ်အပိုင်းကြီး စုစုပေါင်းအလေးချိန်မှာ ၁၇၀၀ တန်ရှိပြီး ဇန်နဝါရီ ၂၆ ရက် မင်္ဂလာအချိန်တွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ ကာ ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ ပြီးဖြစ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာန များတွင်လည်း ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက ကုသိုလ်ပြု လှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက် ရတနာဌာပနာတော် ကုသိုလ် ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားများကို ဇန်နဝါရီ ၂၇ နှင့် ဖေဖော်ဝါရီ ၁၀ ရက် တို့တွင် အောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ ဌာပနာတော်ကုသိုလ်ရှင်များ၊ ပြည်သူပြည်သား များအားလုံး ဝမ်းမြောက် နုမော်သာဓုခေါ်ဆိုခဲ့ကြကြောင်း။
ယနေ့တွင် ရတနာပလ္လင်တော်ထက်သို့ ဆက်လက်ပင့်ဆောင်ပူဇော်ရန် ကျန်ရှိ သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာ ပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပင့်ဆောင်ပူဇော်ခြင်းလုပ်ငန်းများ လုပ်ငန်းများကို လုပ်ငန်းစဉ် အလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ညချမ်းချိန်ခါများတွင်လည်း မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ကျောက်စာရုံစေတီတော်များ၊ ရေပန်းရင်ပြင်တော်များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာ ဇရပ်များနှင့် ပင်မအဝင်လမ်းတို့၌ အများပြည်သူကြည်ညိုသပ္ပါယ်ဖွယ် မီးများထွန်းညှိ၍ အလင်းပေးပူဇော်ထားရှိကြောင်း သတင်းရရှိသည်။