မိကျောင်းကွမ်းဖတ်စေ့ကို တရုတ်နိုင်ငံက အဝယ်နည်း၍ ပြည်တွင်း၌ ဈေးနှုန်းကျဆင်းနေ

မိကျောင်းကွမ်းဖတ်စေ့ကို တရုတ်နိုင်ငံက အဝယ်နည်း၍ ပြည်တွင်း၌ ဈေးနှုန်းကျဆင်းနေ

နှစ်စဉ်  တရုတ်နိုင်ငံက  ပုံမှန်ဝယ်ယူလျက်ရှိသည့်  မိကျောင်းကွမ်းဖတ်စေ့ကို ယခုနှစ်အတွင်း အဝယ်နည်း၍ ပြည်တွင်း ၌    ဈေးနှုန်းကျဆင်းမှုများဖြစ်ပေါ်နေကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။ တရုတ်နိုင်ငံက မိကျောင်းကွမ်းဖတ်စေ့ကို တိုင်းရင်းဆေးထုတ်လုပ်တဲ့နေရာမှာ အသုံးပြုဖို့ ဝယ်ယူတာဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံဘက်ကို အနည်းငယ်ပဲ တင်ပို့နေရတယ်။ သူတို့ဘက်မှာ ကုန်ပစ္စည်းလုံအလောက်ရှိနေသေးလို့ မြန်မာနိုင်ငံကနေ များများမဝယ်သေးတာလို့ သိရပါတယ်။ လက်ရှိမှာ မိကျောင်းကွမ်းဖတ်စေ့တစ်ပြည်ကို ငွေကျပ် ၆၀၀၀ လောက်ပဲရှိ တယ် ဟု မန္တလေး-မူဆယ်ရှိ ကုန်သည် ဦးမင်းဦးကပြောသည်။

နှစ်စဉ်  တရုတ်နိုင်ငံသို့  တင်ပို့နိုင်ရန် ကုန်သည်များက နိုဝင်ဘာလအတွင်း ဝယ်ယူကြခြင်းဖြစ်သည်။ ထိုသို့ ဝယ်ယူရာတွင်ခြောက်သွေ့ပြီး  သန့်စင်ပါက  တစ်ပြည်လျှင်  ငွေကျပ်  ၈၀၀၀  ခန့်ဖြင့်  ဝယ်ယူကြောင်း သိရသည်။မိကျောင်းကွမ်းဖတ်စေ့ကို ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်း၊ ပန်းတနော်၊ ကျောင်းကုန်း စသည့်မြို့နယ်တို့ရှိ ကုန်သည်များထံမှဝယ်ယူ၍ မန္တလေးမြို့ရှိ ပွဲရုံများ၌ သိုလှောင်ကြပြီး တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။

အရင်နှစ်က နိုဝင်ဘာလနဲ့ ဒီဇင်ဘာလလောက်ဆိုရင် စဝယ်တယ်။ ဒီနှစ်ကတော့ COVID-19 ရောဂါဖြစ်နေတော့ အခုထိ ဝယ်လက်မရှိသေးတော့ ရောင်းချဖို့ နောက်ကျနေပြီ။ ကရင်ပြည်နယ်ဘက်မှာတော့  ဝယ်ယူစုဆောင်းနေပါပြီ။  ကုန်သည်တွေကစုဆောင်းထားပြီး တရုတ်နိုင်ငံက အဝယ်ရှိတာနဲ့ရောင်းချမှာဖြစ်လို့ ဈေးကောင်းရမယ့်အချိန်အထိ စောင့်ဆိုင်းကြဖို့လိုပါတယ်}}ဟု မန္တလေး-မူဆယ်ရှိ ကုန်သည် ဦးခန့်နောင်ကပြောသည်။

တရုတ်နိုင်ငံသို့တင်ပို့သည့်  မိကျောင်းကွမ်းဖတ်စေ့များကို မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ဝယ်ယူစုဆောင်းကာ   မန္တလေးမြို့ရှိ  ပွဲရုံများ၌ သိုလှောင်ထားကြပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံ    ဈေးကွက်၏အမှာရှိသည့်ပေါ်မူတည်၍  တင်ပို့ခြင်းဖြစ်ကြောင်း  သိရသည်။