မိတ်ဆွေကောင်းကို ကြိုဆိုပါသည်

မိတ်ဆွေကောင်းကို ကြိုဆိုပါသည်

မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်သည် မိမိအကျိုးကိုသယ်ပိုးဆောင်ရွက်သည်။ အဆင့်အတန်း အသက်အရွယ်များ ပြောင်းလဲသော်လည်း စိတ်ထားမပြောင်းလဲသူများ ဖြစ်သည်။ အနေနီးသည်ဖြစ်စေ၊ အနေဝေးသည်ဖြစ်စေ စိတ်ချင်းအမြဲတမ်းနီးကပ်ကာ  အချင်းချင်းအပြန်အလှန် ကူညီတတ်သူသည်   မိတ်ဆွေကောင်းဖြစ်သည်။ မန်လည် ဆရာတော်ကြီးက “အဝတ်ပုဆိုး၊ တန်ဆာမျိုးကား၊ တိုး၍တိုး၍၊ တစ်နေ့တစ်ခါ၊ လဲပါတုံရှောင်း၊ သစ်တိုင်းကောင်း၏။ အပေါင်းအဖော်၊ ဟုတုံသော်မူ၊ ငယ်ဖော်ငယ်ပေါင်း၊ ဟောင်းတိုင်းကောင်း၏၊ အဝတ်ပုဆိုး၊ တန်ဆာမျိုးကား၊ သစ်တိုင်းကောင်း၏” ဟူ၍ ဖွဲ့ဆိုထားသည်။ အဝတ်အစားမှာ သစ်တိုင်းကောင်းလှသော်လည်း မိတ်ဆွေမူကား မိတ်ဟောင်း ဆွေဟောင်းသည် အကောင်းဆုံးဟုဆိုလိုရင်းဖြစ်သည်။

မိတ်ဆွေဖြစ်လွယ်သော ယနေ့ကာလတွင် ဟောင်းတိုင်းလည်းစိတ်ချရသည်မဟုတ်သလို သစ်တိုင်းလည်း အဆင်မပြေဟုမဆိုသာချေ။ စိတ်ဓာတ်အခြေအနေနှင့် လူကဲခတ် မှန်ကန်ဖို့သာ လိုအပ်သည်။ စိန်ကဲကျောက်ကဲ ထက်လူကဲခတ်ရန် ခက်ခဲသည်ဟု ဆိုပါသည်။ စိတ်ထားမှန်ကန်သောမိတ်ဆွေနှင့်တွေ့ကြုံရန်လိုပေသည်။ လိုအပ် သောအခါကူညီသူသည်မိတ်ဆွေစစ်ဖြစ်ပြီး အခက်အခဲအကျပ်အတည်းဖြစ်နေချိန်တွင် ရှောင်လွှဲမသွား၊ အကြောင်းတစ်စုံတစ်ရာမပြ လက်တွဲကူညီဖြေရှင်းပေးသည်။  သာမန်ထက် အရေးကြီးသည့်အချိန်တွင်  မိတ်ဆွေစစ်နှင့် မိတ်ဆွေတုကို ခွဲခြားနိုင်လေ သည်။ တစ်ခါတစ်ရံကြုံရတတ်သည်မှာ မမျှော်လင့်သောမိတ်ဆွေက မိမိအပေါ် ကောင်းတတ်ပြီး မျှော်လင့်ထားသောမိတ်ဆွေက ပျက်ယွင်းတတ်ခြင်းမျိုး တွေ့ကြုံနိုင် သည်။

မိတ်ဆွေနှင့်ပတ်သက်သည့်အဆုံးအမများ၊ အဆိုအမိန့်များ များပြားပါသည်။ အထူးသဖြင့် ဟန်ဆောင်သောမိတ်ဆွေသည်  ရန်သူထက်ဆိုးရွားကြောင်းသိမြင်ဖို့ဖြစ်လေသည်။  အနီးကပ်ရန်သူလည်းဖြစ်နိုင်သည်။ စိတ်ပေါင်းကိုယ်ခွာ၊ ကိုယ်ပေါင်းစိတ်ခွာ စကားရပ် လည်းရှိသည်။ စကားရပ်တစ်ခုတွင် သင့်မှာ မိတ်ဆွေတစ်ရာ ရှိသည်ဟုပြောသည်ဆိုပါက နည်းသေးသည်။ ရန်သူတစ်ယောက်ရှိပါမူ များလွန်းသည်ဟုဆိုပေသည်။ ရန်သူမရှိဘဲ မိတ်ဆွေချည်းသာ ရှိနေမည်ဆိုလျှင် လောကသည် သာယာနေပါလိမ့်မည်။ လောကဇာတ်ခုံတွင် အရေးကြုံ အားထားရသည့် မိတ်ကောင်းဆွေမွန်များကား ရှားပါး လှသည်။ ကိုယ်နှင့်ထပ်တူမျှဝေ ခံစားအသိအမှတ်ပြုဖို့လိုပေသည်။ သတိထားမိသမျှ တင်ပြရလျှင် လောက၌ လောဘဒေါသ အတ္တမာနကြီးသူတို့သည် မိတ်ဆွေနည်းပါးတတ် သည်။ လုပ်ငန်းခွင်၌ သိသာထင်ရှားသည်။

မြန်မာမှုတွင် ဗလငါးတန်ပြည့်ဝအောင် ကြိုးစားဖို့ တိုက်တွန်းထားသည်များရှိသည်။ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ၊ မိတ္တဗလဟူ၍ဖြစ်ပေရာ မိတ္တဗလသည်လည်း တစ်ခုပါဝင်သည်။ မိတ္တဗလသည် လူမှုစီးပွားဆက်ဆံရေးတွင် အရေးပါလှသည်။ ကမ္ဘာကျော်စာရေးဆရာဒေးလ်ကာနက်ဂျီက မိတ္တဗလဋီကာ ဟူသော စာအုပ်တစ်အုပ်ရေးခဲ့သည်။ ထိုစာအုပ်တွင် မိတ်ဆွေတိုးပွားဖို့၊ ပေါင်းသင်းတတ်ဖို့၊ ကြီးပွားတိုးတက်ရေး အကြောင်းများကို  စေ့စေ့စပ်စပ်တင်ပြထားသဖြင့်  နိုင်ငံတကာတွင်  ဘာသာပြန်ဆိုကြကာ  လွန်စွာပျံ့နှံ့ခဲ့သောစာအုပ်ဖြစ်သည်။  အဓိကအားဖြင့်  လူမှုဆက်ဆံရေး လောကအတွက်  ရေးသားထားခြင်းဖြစ်သော်လည်း မိတ်ဆွေကောင်း ဖြစ်ဖို့ဆိုသည်မှာ ကိုယ်ကလည်း သူ့အပေါ်မိတ်ဆွေကောင်းပီသရန်လိုအပ်ပေသည်။

လောကကြီးတွင်နေထိုင်ခွင့်ရသူတိုင်း တိုးတက်ကြီးပွားလိုကြသူများသာဖြစ်သည်။ တိုးတက်ကြီးပွားကြောင်း သမ္ပဒါတရားလေးပါးရှိလေသည်။  ယင်းတို့မှာ  ကလျာဏ မိတ္တ သမ္ပဒါသည်လည်း  တစ်ခုပါဝင်လေသည်။ သိင်္ဂါလောဝါဒသုတ်တွင် မိတ်ဆွေကျင့်ဝတ် (၅)ပါးကို “ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ” ဟုဖော်ပြထားလေသည်။ မိတ်ဆွေ ကောင်းများ ဝန်းရံစေမှုဖြင့်  မျှတသောအသက်မွေးမှု၊ စီးပွားဥစ္စာဖြစ်ထွန်းမှုတို့ကို ဖြစ်စေသည်။

လူတစ်ဦးချင်းစီတွင် မိတ်ဆွေကောင်းလိုအပ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံချင်းအနေဖြင့်လည်း မိတ်ဆွေကောင်းနိုင်ငံများ လိုအပ်လှပေသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် ပတ်သက်လာလျှင် အားလုံးအပေါ်မိတ်ဆွေကောင်းအဖြစ် ဆက်ဆံလျက်ရှိသော်လည်း  အချို့နိုင်ငံများမှာ မြန်မာတို့အတွက် မိတ်ဆွေကောင်းဖြစ်မလာသည်ကိုလည်း ဝမ်းနည်းဖွယ် တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို လွန်ခဲ့သော ငါးနှစ်လုံးလုံး ဝင်ရောက်ခြယ်လှယ် စွက်ဖက်ခွင့်ရနေသည်မှ ရုတ်တရက် ဖယ်ထုတ်ခြင်း ခံလိုက် ရသောအခါ ထိုနိုင်ငံတို့သည် မြန်မာတို့အပေါ်ကြိတ်မနိုင် ခဲမရဖြစ်သွားကြသည်။ နယ်ချဲ့အင်္ဂလိပ်တို့ ကိုလိုနီဖြစ်ခဲ့စဉ်ကပင် မြန်မာနိုင်ငံတွင်မရှိသော လူမျိုးတစ်မျိုးအမည် ဖော်ထုတ်လာခြင်းကို အသိအမှတ်ပြုနေခြင်းသည် လွန်စွာတရားမျှတမှု မရှိသော လုပ်ရပ်ဖြစ်သည်။ ကုလသမဂ္ဂတွင် မြန်မာ့အရေးကိုမဲခွဲဆုံးဖြတ်တိုင်း မိတ်ဆွေစစ် နိုင်ငံများက မြန်မာတို့ဘက်တွင် အမြဲရှိနေသော်လည်း မိတ်ဆွေစစ် မဟုတ်သူများကမူ အစဉ်တစိုက်ဆန့်ကျင်လျက်ရှိသည်။ မြန်မာတို့အနေဖြင့်မူ မိတ်ဆွေကောင်းကို ကြိုဆိုလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။     ။