မိဘပြည်သူများထံသို့ တိုက်တွန်းနှိုးဆော်ချက်

မိဘပြည်သူများထံသို့ တိုက်တွန်းနှိုးဆော်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ မိဘပြည်သူများထံသို့ တိုက်တွန်းနှိုးဆော်ချက်ကို နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြထားသည်။ အနှစ်ချုပ်ဖော်ပြရလျှင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် (၂၀၂၁ ခုနှစ် ဇူလိုင် ၁၃ ရက်)နေ့တွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  အဋ္ဌမအကြိမ်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေးတွင်  နိုင်ငံတော်သံဃမဟာ နာယကဥက္ကဋ္ဌ ဆရာတော်၊ အကျိုးတော်ဆောင် ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်ကြီးများက လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအန္တရာယ်မှ ကင်းဝေးစေရန်အတွက် ရတနသုတ်ပရိတ်တရားတော်ကို ရွတ်ပွား သရဇ္ဈာယ်တော်မူပေးခဲ့သည်။

ထို့အတူ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီး တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရတနသုတ်၊ မေတ္တသုတ်ပရိတ်တော်များ ရွတ်ပွားသရဇ္ဈာယ်စေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့များက မြို့နယ်သံဃနာယက အဖွဲ့များသို့ ညွှန်ကြားဆောင်ရွက်ရန် အဆင့်ဆင့်အကြောင်းကြား လျှောက်ထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်တွင်ရှိသော မိဘပြည်သူများအနေဖြင့် လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအန္တရာယ်မှ ကာကွယ်နိုင်ရေး အတွက် ရတနသုတ် ပရိတ်တရားတော်များကို မိမိနေအိမ်တွင် နေ့စဉ်ရွတ်ဖတ်ပူဇော် နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်ဟူ၍ဖြစ်သည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကိုးကွယ်မှုအများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာတွင်ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံလည်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်ဖြည့်ကျင့်ပြီးမှသာ လောကလူသား တို့ကောင်းကျိုးအတွက် ပွင့်တော်မူလာခြင်း ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားခဲ့သော  တရားတော်များကို လူမျိုး ဘာသာမခွဲခြားဘဲ လူသားတိုင်း လိုက်နာကျင့်ကြံနိုင်ကြမည်ဆိုလျှင် ဤကမ္ဘာလောကကြီးသည် အေးချမ်း သာယာနေမည်သာဖြစ်သည်။ မိမိအသက်ကို သတ်တာမကြိုက်လျှင် သူတစ်ပါးအသက်ကို မသတ်ပါနှင့်။ မိမိပစ္စည်း အခိုးခံရလျှင် မကြိုက်သလို သူတစ်ပါးပစ္စည်းကိုမခိုးယူပါနှင့်။ မိမိ၏သားမယားကို သူတစ်ပါးက လာစော်ကား လျှင် မကြိုက်သလို သူတစ်ပါး သားမယားကိုလည်းမပြစ်မှားပါနှင့်။ မိမိအလိမ်အညာခံရလျှင် မကြိုက်သလို သူတစ်ပါး အပေါ်တွင်လည်း လိမ်ညာပြောဆိုမှုမပြုပါနှင့်။ ဘုရားမှန်းမသိ၊ တရားမှန်းမသိ၊ သံဃာမှန်း မသိ၊ အမိအဘ၊ ဆရာသမားမှန်းမသိလောက်အောင် မူးယစ်သောက်စားခြင်းကိုမပြုပါနှင့်။ မူးယစ်သောက်စားခြင်း သည် အမှားမှန်သမျှကို လွယ်ကူစွာကျူးလွန်နိုင်သည်။

လူသားတိုင်းသည် ဤသီလငါးပါးကို လိုက်နာစောင့်ထိန်းကြမည်ဆိုလျှင် အေးချမ်းသာယာ သော ကမ္ဘာကြီးဖြစ်နေမည်။ ပျက်စီးခြင်းကင်းလိမ့်မည်။ ပျက်စီးခြင်းကို ကပ်ဟု ခေါ်ဆိုပေရာ ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း၊ လက်နက်ဘေးကြောင့်ပျက်စီးခြင်း၊ ရောဂါဘေးကြောင့်ပျက်စီးခြင်းဟူသော ကပ်သုံးပါးသည် လူသားတို့အကျင့်သီလ ပျက်ယွင်းမှုကြောင့် ပေါ်လာရခြင်းဖြစ်သည်။ ယနေ့ချိန်ခါတွင် ပေါ်ပေါက်နေသော ကိုဗစ်-၁၉ ကပ်ရောဂါမှာ ရောဂန္တရကပ်ဖြစ်သည်။ ထိုကပ်ဘေးကြီး ကင်းစင်လွင့်ပျောက် သွားစေရန်အတွက် ကျန်းမာရေး ဆိုင်ရာအသိပေး၊ သတိပေးချက်များကို တိကျစွာ လိုက်နာသလို ဗုဒ္ဓဘာသာဝင်တိုင်း စွဲမြဲယုံကြည်နေကြသော ပရိတ်တရားတော် များကိုလည်း ရွတ်ပွားသရဇ္ဈာယ်သင့်လှသည်။

ဤသို့ရွတ်ပွားသည်မှာ မြတ်စွာဘုရားရှင် လက်ထက်တော်ကပင်ရှိခဲ့သည်။ ရတနသုတ် ရွတ်ဖတ်ခြင်း အကျိူးအားကြောင့် ကပ်ကြီးသုံးပါးကို ကျော်နင်းစေနိုင်သည်။ စုန်း၊ တစ္ဆေ၊ ကဝေပယောဂဟူသမျှကိုနိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခရောက်ရ သောအခါ၊ အချုပ်ထောင် နှောင်အိမ်စသည်တို့၌ ကျရောက်နေသောအခါ  အမြန် လွတ်မြောက်စေနိုင်သည်။ နတ်ကောင်းနတ်မြတ်တို့၏ စောင်မကြည့်ရှုခြင်းကို ခံရမည်ဖြစ်သည်။

ဂေါတမမြတ်စွာဘုရား လက်ထက်တော်အခါက ဝေသာလီပြည်တွင် ငတ်မွတ် ခေါင်းပါး ခြင်း၊ အနာရောဂါနှိပ်စက်ခြင်း၊ ဘီလူးဖမ်းစားခြင်း ဘေးကြီးသုံးပါး (ကပ်ကြီးသုံးပါး) ဆိုက်ရောက်၍ လူပေါင်းများစွာ သေကျေပျက်စီးကြလေသည်။ ထိုဘေးကြီးသုံးပါးမှ လွတ်ကင်းရန် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားကို ပင့်လျှောက်ကြသည်။ မြတ်စွာဘုရားရှင်က အရှင်အာနန္ဒာအား ရတနသုတ်ပရိတ်ကို သင်ကြား ရွတ်ဖတ်စေသောအခါ ထိုဘေးဆိုးကြီးကပ်သုံးပါးမှ လွတ်ကင်းငြိမ်းအေးသွားလေသည်။ ရတနသုတ်ပရိတ်ရွတ်ပွား ပြီးသည်နှင့် ဝေသာလီ ပြည်တွင်  မိုးကြီးသည်းထန်စွာ ရွာသွန်းကာ အမှိုက်သရိုက်များရှင်းလင်း၍ ရောဂါအားလုံး ကင်းစင်သွားခဲ့လေသည်။ ထို့ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသား ရဟန်းရှင်လူအပေါင်းသည် မြန်မာနိုင်ငံတော်အတွင်း ကျရောက်လျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကင်းဝေး စေရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မိဘပြည်သူများထံသို့ တိုက်တွန်း နှိုးဆော်ချက်ကိုသတိမူလျက်  လိုက်နာလုပ်ဆောင်ကြပါရန်  မေတ္တာရှေ့ထား ရေးသားလိုက်ရပေသည်။      ။