မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်း သာယာစွာ နေထိုင်အိပ်စက်နိုင်စေရေး၊ ရပ်ရွာ အေးချမ်းသာယာမှု ရှိစေရေးတို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ်လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၅

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက် ရှိပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေသည့် အပြင် ရုန်းရင်းဆန်ခတ်မှု အချို့ ဖြစ်ပွားလျက်ရှိပြီး ကောလာဟလများကြောင့် ညပိုင်းများတွင် မိဘပြည်သူများ ထိတ်လန့် စိုးရွံ့စွာဖြင့် နေထိုင်ရလျက် ရှိကြောင်း သိရှိရသည်။

ထိုသို့ထိတ်လန့်စိုးရွံ့စွာ နေထိုင်နေရသော မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်း သာယာစွာ နေထိုင်အိပ်စက်နိုင်စေရေး၊ ရပ်ရွာအေးချမ်းသာယာမှု ရှိစေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှ စတင်၍ လုံခြုံရေးအား ပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့တွင်လည်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ပေးလျက်ရှိသည်။

ထိုကဲ့သို့ လုံခြုံရေးပြည့်ဝစွာ ဆောင်ရွက်ပေးသည့်အတွက် မိဘပြည်သူများကလည်း ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေး တာဝန်များကို ထမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။