မိုက်ခရိုဆော့ကုမ္ပဏီက မလေးရှား၌ ဒေတာစင်တာများ တည်ဆောက်ရေး ဒေါ်လာ ၁ ဘီလီယံ ရင်းနှီး မြှုပ်နှံမည်

ကွာလာလမ်ပူ၊ ရင်းနှီးမြှုပ်နှံမှု

နည်းပညာကုမ္ပဏီကြီးဖြစ်သည့် မိုက်ခရိုဆော့ကုမ္ပဏီသည် မလေးရှားနိုင်ငံ၌ ဒေတာစင်တာများ တည် ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ်   မူဟစ်ဒင်ယက်ဆင်က  ဧပြီ ၁၉ ရက်တွင် ပြောသည်။

မိုက်ခရိုဆော့၊ ဂူဂဲ၊ အမ်မဇွန်နှင့်နိုင်ငံပိုင်ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် တယ်လီကွန်းမလေးရှားတို့အနေဖြင့် နိုင်ငံအတွင်း၌ သာလွန်ကောင်းမွန်သော ဒေတာစင်တာများ တည်ဆောက်အသုံးပြုရန်နှင့် အွန်လိုင်းဒေတာ သိမ်းဆည်းရေးဝန်ဆောင်မှုများ ပေးအပ်ရန် အစိုးရက ဖေဖော်ဝါရီလတွင် ခွင့်ပြုပြီးနောက် ယခုကြေညာ ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့်နှစ်တွင် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၆၈ ရာခိုင်နှုန်းအထိ ကျဆင်းပြီးနောက် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကြီး ဝင်လာခြင်းလည်း ဖြစ်သည်။

အစိုးရကခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုများအရ အဆိုပါအွန်လိုင်းဒေတာ သိမ်းဆည်းရေး ဝန်ဆောင်မှုများမှ လာမည့် ငါးနှစ်အတွင်းရရှိမည့် ဝင်ငွေပမာဏသည် ရင်းဂစ် ၁၂ ဘီလီယံမှ ၁၅ ဘီလီယံကြား ရှိမည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မိုက်ခရိုဆော့ကုမ္ပဏီအနေဖြင့် မလေးရှားနိုင်ငံအတွင်း ဒေတာစင်တာ အများအပြားပါဝင်မည့် ဒေတာစင်တာ ဒေသကြီး ကိုတည်ဆောက်မည်ဖြစ်ကြောင်း၊ ထိုဒေတာ စင်တာမှနေ၍ ကမ္ဘာအရပ်ရပ်ရှိ ဒေတာများကို စီမံခန့်ခွဲမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ကပြောသည်။ ယခုကဲ့သို့ ဒေတာစင်တာ တည်ဆောက်ခြင်းသည်  မလေးရှားနိုင်ငံအတွက် အလှည့်အပြောင်း ဖြစ်စေမည်ဖြစ်ကြောင်း၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်း များအနေဖြင့်  ၎င်းတို့၏လုပ်ငန်းများကို ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း မိုက်ခရိုဆော့ကုမ္ပဏီမှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဂျင်းဖိလစ်ကော်တွိုက်က ပြောသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ မိုက်ခရိုဆော့ကုမ္ပဏီအနေဖြင့် မလေးရှားပြည်သူတစ်သန်းအထိကို    ဒစ်ဂျစ်တယ် ပညာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။                   

Ref: TST