မိုင်းထောင်ဖောက်ခွဲအကြမ်းဖက်လုပ်ရပ်များလုပ်ကိုင်ခဲ့သူများအား လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဖမ်းဆီးရမိ

မိုင်းထောင်ဖောက်ခွဲအကြမ်းဖက်လုပ်ရပ်များလုပ်ကိုင်ခဲ့သူများအား လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၉

    အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ “လရိပ်ချို” တည်းခိုခန်း၌ ဖောက်ခွဲရေး သမားများရောက်ရှိနေကြောင်း သတင်းအရ  ဝင်ရောက်ရှာဖွေခဲ့ရာ အောင်မင်းသူ(ခ) ကိုသူ၊ ဇင်မင်းကျော်၊ ဇင်မင်းကို တို့အား ပစ္စတိုသေနတ် ၂ လက်၊ ကျည်မျိုးစုံ ၃၈ တောင့်၊ ကျည်အိမ် ၃ ခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    တရားခံများ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၃ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အင်းဝအိမ်ရာမှ အောင်ကိုမင်း(ခ) လင်းညို၊ အောင်အောင်(ခ) အောင်ကြီးနှင့် နော်ခင်နှင်းဝေ(ခ) မှုံစီ တို့ ၃ ဦးအား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    

တရားခံ အောင်ကိုမင်း(ခ)လင်းညို ၏ထွက်ဆိုချက်အရ မရမ်းကုန်းမြို့ နယ်မှ စိုးပိုင်ကျော်နှင့် သန့်ဇင်ထွန်း (ခ)သန့်ဇင် တို့အားလည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ တိုးတိုး(ခ) ထွန်းထွန်းဇော် အား လက်လုပ်သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၅၀ တောင့်၊ ပွိုင့်-၂၂ ကျည်ခွံ ၈ ခု၊ အသံ တိတ်ပြောင်း ၂ ခု၊ သေနတ်ဒင် ၂ ခု၊ လေသေနတ်ကျည် ၁၀၀ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    ဆက်လက်၍ ဩဂုတ်လ ၂၄ ရက်တွင်    ဆက်စပ်တရားခံ ဆန်းမင်းပိုင် အား မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဘုရား အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ သာကေတမြို့နယ်၌ ကိုကိုချစ် အား ဖမ်းဆီးရမိခဲ့သည်။ ၎င်း၏ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၉)ရပ်ကွက်၌ အောင်ခန့်သွင်(ခ) ဂျိုးဇက် အား လည်းကောင်း၊ (၇၀) ရပ်ကွက်၌ ဇော်ထက်အောင် အား လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊ ဒီတိုနေတာ ၁ ခု၊ သံဘောစေ့ ၂ ထုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    တရားခံ ဆန်းမင်းပိုင်၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝန ရပ်ကွက်၊ စံပယ်ဖြူအိမ်ရာအား ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ဆက်စပ် တရားခံများဖြစ်သော  ဘုန်းသူရခန့်၊ သန့်ဇင်အောင် ၊ ထက်ပိုင်စိုး နှင့် ဝေယံထွန်း တို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံ ညီညီ မှာ တိုက်အမိုးပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးစဉ် ခြေချော်၍ တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ သည်။ တရားခံများနှင့်အတူ CZECH REPUBLIC ပစ္စတိုသေနတ် ၁ လက်၊ Glock-19 ပစ္စတိုသေနတ် ၁ လက်၊ SIG SAUER  ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည် ၈၅ တောင့်၊ ပွိုင့်-၃၈ကျည် ၄၇ တောင့်၊ ကျည်အိမ် ၅ ခု၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    တရားခံ အောင်ကိုမင်း(ခ) လင်းညို၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၅ ရက် တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ ဝင်းမင်းထွဋ် အား ပြုလုပ်ဆဲလက်လုပ်မိုင်း ၁ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။    
    တရားခံများ၏ ထွက်ဆိုချက်အရ အောင်မင်းသူသည် ၂၀၂၁ ခုနှစ်၊ ဧပြီလ တွင် KNPP လက်နက်ကိုင်အဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအား တက်ရောက်ခဲ့ကြောင်း၊ သန့်ဇင်အောင်၊ ထက်ပိုင်စိုး၊ ဝေယံထွန်း၊ ဘုန်းသူရခန့် တို့ သည် KNLA တပ်မဟာ(၃)၌လည်းကောင်း၊ သန့်ဇင်ထွန်းသည် KNLA တပ်မဟာ(၇)၌ လည်းကောင်း ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
    တရားခံများ၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် လက်လုပ်မိုင်း ၄ ကြိမ် ဖောက်ခွဲခဲ့ပြီး ဖောက်ခွဲမှု များအနေဖြင့် 
-    ဇွန်လ ၃ ရက်တွင် အောင်မင်းသူ၊ ဇင်မင်းကျော်နှင့် ဇင်မင်းကိုတို့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၇၉) ရပ်ကွက်ရှိ ရစဖမှူး ဦးစန်းဝင်း နေအိမ်ခေါင်မိုးပေါ်သို့ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း။
-    ဇွန်လ ၁၉ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်ရှိ (A-94) လမ်းမ ပေါ်၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း။
-    ဇွန်လ ၂၆ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်၊ ရစဖရုံးရှေ့၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
-    ထို့ပြင် ဩဂုတ်လ ၈ ရက်တွင် ဆန်းမင်းပိုင်မှ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၅၅)ရပ်ကွက်၊ ဖူဆယ်ဘောလုံးကွင်းအနီး၌ ဆိုင်ကယ်တွင် လက်လုပ်မိုင်း တပ်ဆင်၍ ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
    တရားခံများ၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် လုပ်ကြံပစ်ခတ်မှု ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး လုပ်ကြံမှုများ အနေဖြင့်
-    ဇွန်လ ၂၈ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ရုံးစာရေး ဒေါ်မြတ်မြတ်ထွေး အား လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုချစ်မှ ဆိုင်ကယ်မောင်း၍ ချစ်ကိုကို(ဖမ်းဆီးရန်ကျန်)မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။
-    ဇူလိုင်လ ၆ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၈၈)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်ဦးနှင့် ၎င်း၏ကားသမား ဦးအောင်လွင်တို့ ၂ ဦး အား လုပ်ကြံသတ်ဖြတ် ရာတွင် ဇင်မင်းကျော်မှ ဆိုင်ကယ် မောင်း၍ အောင်မင်းသူ(ခ)ကိုသူမှ သေနတ်ဖြင့် ၇ ချက် ပစ်ခတ်ခဲ့ကြောင်း။
-    ဇူလိုင်လ ၁၄ တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၃)ရပ်ကွက်မှ ဦးတင်ထွန်းအား လုပ်ကြံသတ်ဖြတ်ရာတွင် ဆန်းမင်းပိုင်မှ ဆိုင်ကယ်မောင်း၍ နိုင်နိုင် (ဖမ်းဆီး ရန်ကျန်)မှ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ကြောင်း။
-    ဇူလိုင်လ ၂၈ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၄)ရပ်ကွက်မှ ရာအိမ်မှူး ဦးစောဦးအား လုပ်ကြံသတ်ဖြတ်ရာတွင် ဝေယံထွန်းမှ ဆိုင်ကယ်မောင်းနှင်ကာ သန့်ဇင်အောင်မှ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ကြောင်း။
-    ဩဂုတ်လ ၅ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးအား ပစ်ခတ်ခဲ့ရာတွင် တိုးတက်ဝင်းအောင် (ခ)တိုးကြီး (ဖမ်းဆီးရန်ကျန်)မှ ဆိုင်ကယ်မောင်း၍ ဝေယံထွန်းနှင့် ညီညီတို့မှ သေနတ်ဖြင့် ၁၂ ချက်ပစ်ခတ်ခဲ့ကြောင်း။
-    ဩဂုတ်လ ၁၁ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၄)ရပ်ကွက်ရှိ ကျားကြီး လက်ဘက်ရည်ဆိုင်မှ လှမျိုးအောင်တို့ ဇနီးမောင်နှံအား လုပ်ကြံသတ်ဖြတ်ရာတွင် ညီညီနှင့် သန့်ဇင်အောင်တို့မှ သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ခဲ့ကြောင်း။
-    ဩဂုတ်လ ၁၇ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၇)ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးမှ ရုံးအကူ ဦးဉာဏ်ထွန်းအား လုပ်ကြံသတ်ဖြတ်ရာတွင် ထက်ပိုင်စိုး၊ ဝေယံထွန်းနှင့် ညီညီတို့မှ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ကြောင်း။
-    ဩဂုတ်လ ၁၉ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၀)ရပ်ကွက်၊ အောင်လံ လမ်းရှိ ဒေါ်သီတာမောင်မောင် အား လုပ်ကြံသတ်ဖြတ်ရာတွင် ထက်ပိုင်စိုးနှင့် ညီညီတို့မှ သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
    ထိုသို့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သူ လင်းညိုအပါ တရားခံ ၁၉ ဦးအား ပစ္စတို သေနတ် ၆ လက်၊ ကျည်အိမ် ၈ ခု၊ ၉ မမ ကျည် ၁၁၉ တောင့်၊ လက်လုပ်ဂက်စ်သေနတ် ၁ လက်၊ လက်လုပ်ပွိုင့် -၂၂ သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၉၇ တောင့်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၁၂ လုံး၊ ဒီတိုနေတာ ၁ ခု၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    အဆိုပါ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်သူများနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဆောင်ရွက်နေသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် အခြားဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီး ရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေး သူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်း ထုတ်ပြန်အပ်ပါသည်။