မိုးညှင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၏ အနောက်တောင်ဘက် ၁ မိုင်ခွဲခန့်အကွာရှိ မန္တလေး-မြစ်ကြီးနားသွား ပြည်ထောင်စုလမ်းမကြီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် ဧပြီ ၂၂ ရက် ညနေ ၄ နာရီခွဲခန့်တွင် မော်ဟန်ကျေးရွာဘက်မှ မိုးညှင်းမြို့ဘက်သို့ အမျိုးသား ၂ ဦးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေး သွားပြီး ဆိုင်ကယ်နောက်တွင်လိုက်ပါလာသည့် မျိုးသူ(ဘ)ဦးလှဆောင် အား ၎င်း၏ ကျောပိုးအိတ်အတွင်းမှ ၁၁ ဂရမ်ခန့်စီပါ ဘိန်းဖြူဆပ်ပြာခွက် ၆၆ ခွက်၊ ၇၂၆ ဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၅၀၈ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ညနေ ၆ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ ထားဝယ်စုလမ်းရှိ နေအိမ်အား သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရာ အိမ်ငှားနေထိုင်သည့် မင်းသူရိန်စိုး(ဘ)ဦးလှကြည်၊ ထွန်းထွန်းဝင်းအောင်(ဘ)ဦးရဲနိုင်နှင့် ဖြူဖြူအေး(ဘ) ဦးအောင်မြင့် တို့ ၃ ဦးကို နေအိမ်အိပ်ခန်းအတွင်းမှ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေး ပြား ၁၈၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့ စုနှင့် ကော့သောင်းမြို့မရဲစခန်းများသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။