မိုးရာသီတွင် ရပ်နားထားသော မြိတ်မျှင်ငါးပိ ထုတ်လုပ်ခြင်း လုပ်ငန်းများ ပြန်လည်စတင်

မိုးရာသီတွင် ရပ်နားထားသော မြိတ်မျှင်ငါးပိ ထုတ်လုပ်ခြင်း လုပ်ငန်းများ ပြန်လည်စတင်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မှ ထုတ်လုပ်သည့် မြိတ်မျှင်ငါးပိ ထုတ်လုပ်ခြင်း လုပ်ငန်းများကို မိုးရာသီတွင် ရပ်နားထားပြီး   ယခုလတွင်  ပြန်လည်စတင် လုပ်ကိုင်လာကြောင်း    တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ် ကျေးရွာအခြေပြု ငါးလုပ်ငန်းဆိုင်ရာ ပူးတွဲစီမံခန့်ခွဲမှု ကော်မတီမှ   တာဝန်ရှိသူတစ်ဦး၏ပြောဆိုချက် အရ သိရသည်။

''ပင်လယ်ပြင်မှာ မျှင်ကောင်ဖမ်းဖို့ လှေ တွေ  စထွက်နေပါပြီ။ အခုက  အရောင်းအဝယ်ကောင်းတယ်။   ဈေးလည်းပုံမှန် အတိုင်း ရှိနေပါတယ်'' ဟု ၎င်းကပြောသည်။

တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ရေလုပ်သားများ သည် မျှင်ငါးပိထုတ်လုပ်ရန် မျှင်ကောင်များကို  နှစ်စဉ် တော်သလင်းလတွင်  စတင် ဖမ်းဆီးလေ့ရှိသည်။

ယခုအခါ   မျှင်ငါးပိထုတ်လုပ်ရာတွင် အသုံးပြုရသော ပစ္စည်းများဖြစ်သည့် မျှင် ကောင်ဖမ်းရန် ဝါးပိုးဝါးများ၊  ငါးပိလှန်းသည့် ကျပ်စင်များ ဆောက်လုပ်ရန်  သစ် များ စုဆောင်းလျက်ရှိသည်။

လက်ရှိတွင် မြိတ်မျှင်ငါးပိဝယ်လိုအား  ပိုမိုကောင်းမွန်ပြီး ရန်ကုန်မြို့မှ မှာယူသူ များကြောင်းနှင့် နံပါတ် (၁) အမျိုးအစား မြိတ်မျှင်ငါးပိ တစ်ပိဿာလျှင်    ငွေကျပ် ၃၅ဝဝ ရှိပြီး  နံပါတ်  (၂)  အမျိုးအစားမှာ တစ်ပိဿာလျှင်  ငွေကျပ်  ၃ဝဝဝ   ရှိကြောင်း သိရသည်။