မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဩဂုတ်- ၁

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၅ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာမှုကြောင့် အများပြည်သူအသုံးပြုသော ကားလမ်းများနှင့် ကျေးရွာအဝင်များတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာများက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိသည်။
    ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်း သောင်းရင်း မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများနှင့် ရပ်ကွက်များအတွင်း တင်ကျန်ခဲ့သော ရွှံ့နွံများနှင့် အမှိုက်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေ ခံတပ်မတော်သားများက ဌာနဆိုင်ရာများနှင့်ပူပေါင်း၍  ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေး ကယ်ဆယ်ရေးစခန်းများနှင့် စာသင်ကျောင်းများအတွင်းတို့၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
    

အလားတူ ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၇၀၀ ခန့်အကွာ မြေနိမ့်ပိုင်းဖြစ်သည့် ဘားအံ- ကော့ကရိတ်သွား ကားလမ်းမကြီးပေါ်၌ ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင် ရေကျော်ဝင်ရောက်မှုကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သဖြင့် အဆိုပါ နေရာသို့ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာမှ စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန် လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။