မီအေပီရာဟူးတောင်နှင့် လေစိကျောက်ဂူကို ခရီးသွားလုပ်ငန်းဖော်ဆောင်မည်

 

ထန်တလန်  ဇန်နဝါရီ  ၁၁

ချင်းပြည်နယ်    ထန်တလန်မြို့နယ် ဟရီဖီးကျေးရွာအနီး အမြင့်ပေ  ၆၅၀၀  ရှိ မီအေပီရာဟူးတောင်နှင့် ကျေးရွာအနီးရှိ   လိုဏ်ဂူအရှည်ပေ ၁၀၈၀  ရှိသော  လေစိကျောက်ဂူကို   ခရီးသွားလုပ်ငန်း ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မီအေပီရာဟူးတောင်သည် ရာသီဥတု ကြည်လင်သည့်အချိန်တွင် တောင်ပေါ်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ စိုင်ဟာ ခရိုင်အထိတွေ့မြင်နိုင်ကြောင်း အဆိုပါတောင်သည် ၁၂၃၅၅ ဧကကျယ်ဝန်းပြီး တောင်ကြောတစ်လျှောက်တွင် တောရိုင်းတိရစ္ဆာန်များ၊ သစ်ခွပန်းများနှင့် တောင်ဆိတ်များ အလွန် ပေါများစွာ မြင်တွေ့နိုင်သည့်အပြင် တောင်ခြေတွင် ဒေသခံများ  စပါး၊ ပဲစိုက်ပျိုးသော ဧက ၃၀၀ ကျော်ရှိ Phaipi Nel  ခေါ် လွင်ပြင်ကြီးကို မြင်တွေ့နိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ   သိရသည်။

“ဟရီဖီးကျေးရွာအနီးမှာ ထူးခြားဆန်း ကြယ်တဲ့  မြေအောက်ချောင်းဖြတ်သန်း စီးဆင်းတဲ့အတွက်   လေစိကျောက်ဂူကို သွားရောက်လေ့လာနိုင်ပါမယ်။ ကျောက်ဂူ ရဲ့အကျယ်ဆုံးနေရာက ၁၉ ပေနဲ့ အမြင့်ဆုံး နေရာက ၄၇ ပေရှိပါတယ်။  လိုဏ်ခေါင်း တစ်လျှောက်   ကျောက်တုံးငယ်တွေနဲ့  ဖြတ်သန်း စီးဆင်းနေတဲ့ ချောင်းကိုတွေ့နိုင်ပါမယ်။ ဟားခါးမြို့ကနေမီအေပီ ရာဟူးတောင်ကို ကား၊ ဆိုင်ကယ်တွေနဲ့ သွား ရောက်လည်ပတ်နိုင်ပါတယ်။ လေးနာရီ  လောက်မောင်းတာနဲ့ရောက်ရှိနိုင်ပါတယ်။  အဲဒီမှာ   တောင်တက်စွန့်စားခရီးတွေ၊  လိုဏ်ဂူတွင်းစွန့်စားခရီးတွေ  သွားရောက် လည်ပတ်နိုင်မှာပါ” ဟု ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန    ပြည်နယ်တာဝန်ခံ ဦးအောင်ဖြိုးကပြော သည်။

“ဒီကျောက်ဂူကြီးက   ဗိလနညအကမန   သမားတွေအတွက်တော့ စွန့်စားလို့အတော် ကောင်းတဲ့ နေရာ ကောင်းလေးတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ဒီကျောက်ဂူထဲကို ခြေနှစ်ဖက်နဲ့ ကျောက်နံရံတွေကို ကန်ပြီး တက်ရတာဆိုတော့ အန္တရာယ်များတယ်။ ဒါကြောင့်  စွန့်စားချင်တဲ့သူတွေအတွက် ကောင်းတဲ့နေရာဖြစ်တယ်။ ဘာလို့ လေစိ ကျောက်ဂူလို့ခေါ်လဲဆိုတော့  အောက်ဘက်ပိုင်းမှာ  ရေအောက်ချောင်းရေက  ရေတံခွန်လိုစီးဆင်းပြီး မြေကြီးနဲ့ဆက်စပ် နေတဲ့အတွက် လေစိကျောက်ဂူလို့ နာမည် ပေးထားတာဖြစ်ပါတယ်။

ဟရီဖီးကျေးရွာလေးက   ဝေးလံပြီးတောနက်ကြီးတွေဖြတ်ရတဲ့ ရွာလေးဆိုပေမယ့် နိုင်ငံခြားသားတွေ  ခဏခဏလာ ရောက်လည်ပတ်လေ့ရှိတဲ့ ရွာဖြစ်ပါတယ်” ဟု ဟရီဖီးကျေးရွာမှ  ဒေသခံတစ်ဦးက  ပြောသည်။

ဟရီဖီးကျေးရွာသည် ထန်တလန်မြို့ ၏ အနောက်ဘက် ၃၅ မိုင်အကွာ ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၅၃၀၀ တွင် တည်ရှိပြီး   ယခုအခါ   ကျေးရွာတွင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၂၇  မျိုး၊ လူဦးရေ ၈၀၀ ကျော်  နေထိုင်ကြကြောင်း    သိရသည်။

ထယ်လ်ဏ