မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ ၊ နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်

နေပြည်တော် မေ ၂၃

ယနေ့ည ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်း (Coco Island)မြို့၏ အနောက်မြောက်ဘက် ရေမိုင် ၂၃၅ မိုင်ခန့်၊ ပုသိမ် (Pathein)မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်၊    အိန္ဒိယနိုင်ငံ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၃ဝ၅ မိုင်ခန့်နှင့် ဒီဂါ (Digha)မြို့၏ တောင်-အရှေ့တောင်ဘက်  ရေမိုင် ၃၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

မုန်တိုင်းငယ် (Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့  ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

အဆိုပါမုန်တိုင်းငယ်  (Depression)သည် ယနေ့ ည ၆ နာရီခွဲအချိန်တွင် မြောက်လတ္တီတွဒ်၁၆ ဒသမ ၃ ဒီဂရီနှင့်  အရှေ့လောင်ဂျီတွဒ်  ၉ဝ ဒသမ ဝ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁ဝဝဝ ဟက်တိုပါစကယ်နှင့်  အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြစ်သည်။

အဆိုပါမုန်တိုင်းငယ် (Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ ပိုမိုအားကောင်းလာပြီးနောက် ၁၂ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression))အဖြစ်သို့ လည်းကောင်း၊ နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်သည် ဟု ခန့်မှန်းရသည်။

(မိုး/ဇလ)