မုံရွာမြို့တွင် အရပ်သား(၁)ဦးအား လူအုပ်စုဖွဲ့ အကြမ်းဖက်ရိုက်နှက်ကာ နှဖူးတွင် တက်တူးထိုးခြင်းအား မင်းမဲ့စရိုက်ဆန်စွာပြုမူလုပ်ဆောင်

မုံရွာမြို့တွင် အရပ်သား(၁)ဦးအား လူအုပ်စုဖွဲ့ အကြမ်းဖက်ရိုက်နှက်ကာ နှဖူးတွင် တက်တူးထိုးခြင်းအား မင်းမဲ့စရိုက်ဆန်စွာပြုမူလုပ်ဆောင်

နေပြည်တော်၊ မတ်လ ၅ ရက်
    
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ မြို့ပေါ် လုံခြုံရေးဆောင်ရွက်စဉ် သာစည်လမ်းပေါ်တွင် ဒဏ်ရာရရှိထွက်ပြေးလာသူအား တွေ့ရှိရသဖြင့် ခေါ်ယူမေးမြန်းခဲ့ရာ မုံရွာမြို့ ရတနာပုံရပ်ကွက် (၇)လမ်းတွင်နေထိုင်သူ ကိုဖြိုးသူ(ခ)နေလ၊ (ဘ)ဦးတင်သန်း ဖြစ်ကြောင်းသိရှိရပါသည်။
    
၎င်း၏ပြောပြချက်အရ ၎င်းသည် ယနေ့နံနက်ပိုင်း ၉ နာရီခွဲအချိန်ခန့်က မုံရွာမြို့၊ သလ္လာရပ်ကွက်၊ Top One လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်နေစဉ် ဘုန်းဆိုး ရပ်ကွက်အတွင်းမှ လူ(၇၀)ဦးခန့်(လူအချို့အားမြင်လျှင်မှတ်မိ)သည် ၎င်းအားအကြောင်းမဲ့ ဝိုင်းဝန်းဖမ်းဆီးကာကြိုးတုတ်ပြီး ဘုန်းကြီးကျောင်းဝန်းအတွင်း ခေါ်ဆောင်ကာ ထိုးကြိတ် ခြင်း/ တုတ်ဖြင့်ရိုက်ခြင်း၊ ရေနွေးမပူမအေးဖြင့် မျက်နှာအားလောင်းခြင်း၊ ကတုံးတုံးခြင်း၊ နဖူးတွင် တက်တူးထိုးခြင်းများ ပြုလုပ်ခဲ့ကြပြီးနောက် ၎င်း၏ဦးခေါင်းအား ခေါင်းစွပ်စွပ် လျက် ဆိုင်ကယ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြပါသည်။ ရပ်ကွက်အတွင်း ပြန်လည် ရောက်ရှိချိန်တွင် ၎င်းအား လူအချို့မှ ဝိုင်းဝန်းအော်ဟစ်ပြီး ခဲများဖြင့်ပစ်ပေါက်ကာ ရပ်ကွက် အတွင်းမှနှင်ထုတ်သဖြင့် ၎င်း၏မိသားစုဝင်(၄)ဦးအား ခေါ်ဆောင်ကာ ထွက်ပြေးလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ 
    
ဒဏ်ရာရရှိသူ ကိုဖြိုးသူ(ခ)နေလနှင့် မိသားစုဝင်(၄)ဦးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မုံရွာမြို့မရဲစခန်းဝင်းအတွင်း၌ နေအိမ်လိုင်းခန်းတစ်ခုစီစဉ်ဆောင်ရွက်ပေးပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။