မူးယစ်ဆေးဝါးပပျောက်ရေး အားလုံးဆောင်ရွက်ပေး

 

မူးယစ်ဆေးဝါးသုံးစွဲမှုအများစုမှာ လေ့လာတွေ့ရှိချက်များအရ လူငယ်လူရွယ်များက အများဆုံး ဖြစ်သည်။ လူငယ်များ  မူးယစ်ဆေးဝါးစွဲရခြင်း အကြောင်းအရာများကို  လေ့လာကြည့်သောအခါ  ပတ်ဝန်းကျင် အပေါင်းအသင်းတို့၏ အပြုအမူကိုတွေ့မြင်၍  အတုမြင်အတတ်သင်သုံးစွဲမိခြင်း၊  မူးယစ်ဆေးဝါး သုံးစွဲရန် အပေါင်းအသင်းများက စည်းရုံးခြင်း၊ အခြားသူများမူးယစ်ဆေးသုံးစွဲနေသည် ကိုမြင်၍ အားကျမခံ သုံးစွဲခြင်း၊ ဆေးသုံးစွဲခြင်းကို ခေတ်မီသည်ဟု လွဲမှားစိတ်ဝင်နေခြင်း၊ စိတ်သောက ဖြစ်နေချိန်တွင် စိတ်၏ဖြေရာအဖြစ်သုံးစွဲခြင်း၊ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းမှုကြောင့် မူးယစ်ဆေးဝါး သုံးစွဲမိခြင်း၊ ဆေးဝါး၏ တဒင်္ဂအာနိသင်ကို ကြိုက်နှစ်သက်ရာမှ ဆေးစွဲလာခြင်းဟူ၍ တွေ့ရမည်ဖြစ်သည်။

အလွန်အန္တရာယ်ကြီးမားသောမူးယစ်ဆေးဝါးကို အမျိုးသားရေးအသွင်ဖြင့် အလေးအနက်ထား တိုက်ဖျက် တားဆီးလျက်ရှိသည်။ လုံးဝပပျောက်သွားခြင်းမရှိသေးသော်လည်း ဖမ်းဆီးရမိမှုအရေအတွက်မှာ လွန်စွာ များပြားသည်။ မူးယစ်ဆေးဝါးသည် ထုတ်လုပ်သူများရှိနေ၍ ရောင်းဝယ်ဖောက်ကားခြင်း ရှိနေသည်။

ရောင်းဝယ်ဖောက်ကားခြင်းရှိနေသည်နှင့်အမျှ သုံးစွဲသူများရှိနေသည်။ ထုတ်လုပ်သူ၊ ရောင်းဝယ်သူများ အနေဖြင့် မူးယစ်ဆေးဝါးနှင့်ဆက်စပ်၍ ငွေကြေးရရှိရန်မှာလွန်စွာများပြားလှသည်။ ငွေကိုရေလိုသုံးနိုင် သည်ဖြစ်၍ ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းမြင့်မားခြင်းနှင့် ဥပဒေဖောက်ဖျက်ကျူးလွန်ခြင်း တို့ဖြစ်ပေါ်နေခြင်းဖြစ်သည်။

တပ်မတော်သည် မူးယစ်ဆေးဝါးပပျောက်ရေးကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် စစ်ဆင်ရေးပေါင်း မြောက်မြားစွာလုပ်ဆောင်ခဲ့ပြီး ယနေ့တိုင်လည်း ဆောင်ရွက်နေဆဲဖြစ်သည်။ တိုင်းစစ်ဌာနချုပ်နယ်မြေ ၁၀ ခုတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၂၅  ရက်အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများအနေဖြင့် ဘိန်းဖြူ ၃၆ ဒသမ ၄၇ ကီလိုခန့်၊ ဘိန်းစိမ်း ၁၃၈ ကီလိုခန့်၊ စိတ်ကြွဆေးပြား ၁၁၅ သိန်းခန့်နှင့်အိုက်စ် ၅၂ ကီလို၊ အခြားမူးယစ်ဆေးဝါး ၅ ဒသမ ၃၅ ကီလို ခန့် ဖမ်းဆီးရမိခဲ့သည်။ ခန့်မှန်းတန်ဖိုးအားဖြင့် ငွေကျပ် ၁၁ ဒသမ ၈၃၉ ဘီလီယံကျော်ခန့် ဖမ်းဆီးရမိခြင်း ဖြစ်ပေသည်။

တစ်လခန့်အတွင်းမှာပင် ဤမျှများပြားသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းမှာ တပ်မတော်၏ စွမ်းဆောင်ချက် ထိရောက်မှုရှိကြောင်း ပြသခြင်းဖြစ်သည်။

အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒတွင် သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ် လျှော့ချရေးအချက်များ၌ “ကလေးသူငယ်များ၊ အမျိုးသမီးများ၊ အန္တရာယ်ကျရောက် လွယ်သော လူအုပ်စုနှင့် ပြည်သူလူထုအတွက် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ကုသမှုအခွင့်အလမ်းများ ပိုမိုရရှိစေရေးနှင့် ကုသရေးဝန်ဆောင်မှုများ၏ အရည်အသွေးပြည့်မီရေး၊  ယစ်ဆေးဝါး သုံးစွဲသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့် လူထုအတွင်းပြန်လည် ဝင်ဆံ့ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ပေးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော  ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာဆိုးကျိုးများနှင့် အန္တရာယ်များလျှော့ချရေး” စသည်ဖြင့် ဖော်ပြပါရှိသည်။

မူးယစ်ဆေးဝါးပြဿနာကို ကာကွယ်တားဆီးရေးမှသည် ချုပ်ငြိမ်းပျောက်ကွယ်ရေးမှာ ပြည်သူတိုင်း၏ တာဝန်လည်းဖြစ်သည်။ ပြည်သူတစ်ရပ်လုံး ကိုယ်စီတာဝန်ဖြစ်သည်ဟုခံယူထားသင့်ပါသည်။ သို့မှသာ နိုင်ငံတော်အတွင်းရှိ အနာဂတ်မျိုးဆက်သစ်လူငယ်မောင်မယ်များ၏ရှေ့ခရီးသည် ဖြောင့်ဖြူးသာယာ နေမည် ဖြစ်သည်။ မိဘတိုင်း၏တာဝန်၊ ဆရာတိုင်း၏တာဝန်၊ ကျောင်းသားတိုင်း၏တာဝန်၊ နိုင်ငံ့ဝန်ထမ်း တိုင်း၏ တာဝန်ဟူ၍ ခံယူထားပြီး ကိုယ်စီတတ်စွမ်းသည့်ဘက်မှ ပါဝင်ကူညီမှသာ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်မည်ဟုယုံကြည်ပါသည်။

နိုင်ငံတော်အစိုးရအဆက်ဆက်က မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်ဆောင်ရွက်ခဲ့သော်လည်း လုံးဝ ချုပ်ငြိမ်းသွားသည်အထိ အောင်မြင်နိုင်ခြင်းမရှိခဲ့ပါ။ စင်စစ်မူးယစ်ဆေးဟူသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့်အရာဖြစ်သည်။ ဝေးဝေးကရှောင်ရမည့်အရာဖြစ်သည်။ ရှာဖွေဖော်ထုတ် ဖမ်းဆီးသူများ အပိုင်းကလည်း သတင်းကွင်းဆက်မပြတ်အောင်ရယူခြင်း၊ ပြည်သူများဘက်ကလည်း သတင်းပေးခြင်း စသည်ဖြင့် ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်မည်ဆိုပါလျှင် မူးယစ်ဆေးဝါး ပပျောက်ကင်းစင် မည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။  ။