မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများအား ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ခြိမ်းခြောက်ငွေကြေးတောင်းယူခဲ့သူ အမျိုးသား ၅ ဦး၊ ရဲပြေးတစ်ဦးနှင့် ပူးပေါင်းကျူးလွန်သူ ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့အား ဖမ်းဆီးအရေးယူ

မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများအား ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ခြိမ်းခြောက်ငွေကြေးတောင်းယူခဲ့သူ အမျိုးသား ၅ ဦး၊ ရဲပြေးတစ်ဦးနှင့် ပူးပေါင်းကျူးလွန်သူ ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့အား ဖမ်းဆီးအရေးယူ
 
နေပြည်တော်၊ စက်တင်ဘာ ၂
 

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေး လုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ အလေးထားဆောင်ရွက်လျက်ရှိရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ကြိုးပမ်းတိုက်ဖျက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ၍ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သောကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း အမြောက်အမြားဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများအား တရားမဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားများ၌ နှစ်စဉ်မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါ သည်။
ထိုသို့ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သကဲ့သို့ အကျင့်ပျက်ဝန်ထမ်းအချို့နှင့် မသမာသူများက မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်သူများ အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ အယောင်ဆောင်၍ ဥပဒေနှင့်အညီ အရေးယူ ခြင်းမရှိဘဲ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက အသွင်ယူ စုံစမ်းထောက်လှမ်းစောင့်ဆိုင်းဖမ်းဆီးခဲ့ရာ ဩဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ရေတာရှည် လမ်းဟောင်း၌ ငွေကြေးခြိမ်းခြောက်တောင်းခံသူများဖြစ်သည့် ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ရေတာရှည်လမ်းသစ်နေသူများဖြစ်ကြသည့် တင်ဝင်းအောင်(ခ)တင်ကြီး(၂၈)နှစ်နှင့် မင်းအောင်(ခ) အောင်ထက်မြတ်(၂၈)နှစ်တို့ ၂ ဦးအားလည်းကောင်း။
ည ၈ နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ “Real Link” Hotel ၌ ဗဟန်းမြို့နယ်၊ ရေတာရှည် ရပ်ကွက်၊ ရေတာရှည်လမ်းသစ်နေ နိုင်လင်းအောင်(ခ)ဝဏ္ဏ(၂၅)နှစ်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၂) ရပ်ကွက်၊ လူငယ်သစ္စာလမ်းနေသူများဖြစ်သည့် ခိုင်မျိုးဝင်း(ခ)ဘုန်းလူ(၂၇)နှစ်နှင့် ရဲတပ်သား အဆင့်မှ ရဲပြေးအဖြစ်ကြေငြာခံထားရသူ ဝေဖြိုးထွန်း(ခ)ဝေဖြိုး(၂၇)နှစ်တို့အားလည်းကောင်း၊
ည ၈ နာရီခွဲအချိန်တွင် ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ရေတာရှည်လမ်းဟောင်း၌ ရေတာရှည်ရပ်ကွက်၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းနေ ဥက္ကာမင်း(ခ)လင်းသန့်ဦး(၂၄)နှစ်အားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ၆ ဦး၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချသူများထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခံရာတွင် ၎င်းတို့နှင့်အတူ ဗဟန်းမြို့မရဲစခန်းမှ ရဲတပ်သား ၄ ဦးနှင့် ကမာရွတ်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲတပ်သား ၂ ဦးတို့ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြကြောင်း သိရှိရ သဖြင့် အဆိုပါ ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့အား သက်ဆိုင်ရာရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက် “One Stop Mart” အရှေ့တွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီး ရမိသော အမျိုးသား ၂ ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၃၅ သိန်းအားလည်းကောင်း၊ တာမွေမြို့နယ်ရှိ ဟိုတယ်ပိုင်ရှင်တစ်ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၆၀ သိန်းအားလည်းကောင်း။
၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း တာမွေမြို့နယ် “The Maze Club”ကားပါကင်၌ မူးယစ် ဆေးဝါးများရောင်းချနေသူဟု ယူဆရသူ နေထက်လင်း(စိစစ်ဆဲ)ထံမှ ငွေကျပ် ၃၅ သိန်းအား လည်းကောင်း၊ အဆိုပါနေရာ၌ပင် အောင်လေး(စိစစ်ဆဲ)ထံမှ ငွေကျပ်သိန်း ၈၀ အားလည်းကောင်း၊ မရမ်းကုန်း မြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် တံတားလေးလမ်းထောင့်ရှိ Club ၊ Bar ၊ KTV တို့တွင် DJ တီးခတ်သူ တစ်ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၁၄၉ သိန်းအားလည်းကောင်း။
ဇူလိုင်လအတွင်း မရမ်းကုန်းမြို့နယ် “ကာဆာ KTV” ဆိုင်ရှေ့၌ ပြည့်စုံ(စိစစ်ဆဲ)ထံမှ ငွေကျပ် ၅၀ သိန်းအားလည်းကောင်း၊ ဗဟန်းမြို့နယ် “Jinkidf” စားသောက်ဆိုင် ကားပါကင်၌ အညာသား(စိစစ်ဆဲ)ထံမှ ငွေကျပ်သိန်း ၄၀ အားလည်းကောင်း။
ဩဂုတ်လအတွင်း ကမာရွတ်မြို့နယ် “The Next Level KTV Bar” ကားပါကင်၌ သူရိန် (စိစစ်ဆဲ)ထံမှ ငွေကျပ်သိန်း ၃၀ အားလည်းကောင်း၊ မရမ်းကုန်းမြို့နယ် “Solo Club” ကားပါကင်၌ မင်းသူ(စိစစ်ဆဲ)ထံမှ ငွေ ၃ သိန်းကျပ်အားလည်းကောင်း၊ ဗဟန်းမြို့နယ် “Music Buzz KTV”၌ ဒန်နီယယ်လ်(စိစစ်ဆဲ)ထံမှ ငွေကျပ် ၄ သိန်းကျပ်အားလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ “City Mart”အရှေ့၌ “မူလန် Bar”တွင် DJ တီးခတ်သူ တစ်ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၁၃၀၀၀၀ ကျပ်အားလည်းကောင်း၊ ဗဟန်းမြို့နယ် “VIP KTV” ကားပါကင်၌ ဘာမီတွန်(မ)(စိစစ်ဆဲ)ထံမှ ငွေကျပ် ၆ သိန်းအားလည်းကောင်း၊ ဒဂုံမြို့နယ် “PIONEER Club”၌ မိုးမင်းဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၁၄ သိန်းအားလည်းကောင်း၊ တာမွေမြို့နယ်၊ “Tristar Hotel”၌ Kelvin(စိစစ်ဆဲ)ထံမှ ငွေကျပ် ၂၀၀ သိန်းတို့အားလည်းကောင်း စုစုပေါင်း(၁၄)ကြိမ်တွင် ငွေကျပ် ၇၀၇ သိန်း ၃ သောင်းကျပ်အား ခြိမ်းခြောက်တောင်းခံခဲ့ကာ ရရှိသည့်ငွေများအား ခွဲဝေသုံးစွဲခဲ့ကြကြောင်း သိရှိရသည်။
ခြိမ်းခြောက်ငွေတောင်းခံမှု စုစုပေါင်း ၁၄ ကြိမ်အား ဥက္ကာမင်း(ခ)လင်းသန့်ဦး၊ ရဲတပ်သား အဆင့်မှ ရဲပြေးကြေငြာခြင်းခံထားရသူ ဝေဖြိုးထွန်း(ခ)ဝေဖြိုးနှင့် နိုင်လင်းအောင်(ခ)ဝဏ္ဏတို့ ၃ ဦးက ဦးဆောင်ကျူးလွန်ခဲ့ကြကာ ခိုင်မျိုးဝင်း(ခ)ဘုန်းလူမှ ၈ ကြိမ်၊ တင်ဝင်းအောင်(ခ)တင်ကြီးမှ ၄ ကြိမ်၊ ရဲတပ်သား ၅ ဦးနှင့် မင်းအောင်(ခ)အောင်ထက်မြတ်တို့မှ ၂ ကြိမ်နှင့် ရဲတပ်သားတစ်ဦးမှ ၁ ကြိမ်စီ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်၊
ထိုသို့ မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းချသူများထံမှ ငွေကြေးများအား မူးယစ်ဆေးဝါးတားဆီး နှိမ်ရေးရဲတပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ ဖမ်းဆီး၊ ခြိမ်းခြောက်ငွေတောင်းခံခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် ရဲပြေးတစ်ဦးတို့အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့် နယ်ဘက်ဆိုင်ရာ ရာဇသတ်ကြီး ဥပဒေအရ လည်းကောင်း၊ ဥက္ကာမင်း(ခ)လင်းသန့်ဦးပါ ၅ ဦးအား ရာဇသတ်ကြီးဥပဒေအရ လည်းကောင်း ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘ ပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ ခြိမ်းခြောက်ကာ ငွေကြေးတောင်းခံခြင်းများအား သိရှိ၊ ကြုံတွေ့၊ ကြားသိရပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် တာဝန်ရှိသူများထံ လျှို့ဝှက်စွာ အသိပေးသတင်းပို့တိုင်ကြား နိုင်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။