မေဆင်မောင့်နှင့် ဘန်ချီဝဲလ်တို့ သီးသန့်လေ့ကျင့်မှုများ ပြုလုပ်နေပြီး ဂျာမနီအသင်းနှင့် ပွဲစဉ်တွင် ၎င်းတို့နှစ်ဦးကို ထည့်သွင်း အသုံးပြုဖွယ်ရှိ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်  (အက်ဖ်အေ)က အသင်းမှ အဓိက ကစားသမား နှစ်ဦးဖြစ်သည့် မေဆင်မောင့်နှင့်  ဘန်ချီဝဲလ်တို့ကို COVID-19 ရောဂါကြောင့် ၁ဝ ရက်ကြာ သီးသန့်စောင့်ကြည့်မှု ပြုလုပ်ထားပြီး လက်ရှိတွင် အသင်းနှင့် ပူးပေါင်း၍ လေ့ကျင့်မှုများ မပြုလုပ်နိုင်သေးသော်လည်း သီးသန့်လေ့ကျင့်မှု များပြုလုပ်နေပြီး ဂျာမနီအသင်းနှင့် ပွဲစဉ်တွင် ၎င်းတို့နှစ်ဦးကို အသုံးပြုဖွယ်ရှိကြောင်း သိရသည်။

မေဆင်မောင့်နှင့်  ဘန်ချီဝဲလ်တို့သည်  ဇွန်   ၁၉ ရက်က  ကစားခဲ့သည့် စကော့တလန်နှင့် အင်္ဂလန် အသင်းတို့ ပွဲစဉ်အပြီးတွင် ချယ်လ်ဆီး အသင်းဖော်ဖြစ်သည့်  စကော့တလန်အသင်းမှ  ဘီလီဂီးမော့ခ်ကို နှုတ်ဆက်ခဲ့ပြီးနောက် ဘီလီဂီးမော့ခ်သည် COVID-19 ရောဂါ ကူးစက် ခံထားရသည့်အတွက်  ၎င်းတို့ နှစ်ဦးကို သီးသန့်ခွဲထားကာ ၁ဝ ရက်ကြာ စောင့်ကြမှု ပြုလုပ်နေခြင်းဖြစ်သည်။

မေဆင်မောင့်နှင့် ဘန်ချီဝဲလ်တို့ကို အစောပိုင်းက ဆေးစစ်မှု တစ်ကြိမ်ပြုလုပ်ထားရာ ရောဂါကူးစက်မှု မရှိဘဲ Negative ရလဒ် ထွက်ပေါ်ခဲ့ပြီး  ဇွန်  ၂၈  ရက်တွင် နောက်ဆုံးအကြိမ် ဆေးစစ်မှု ပြုလုပ်မည်ဖြစ်ကာ  Negative ရလဒ်ထွက်ပေါ်မည်ဆိုပါက  အသင်းနှင့်    ပြန်လည်ပူးပေါင်းခွင့် ရရှိမည်ဖြစ်သည်။

အင်္ဂလန်အသင်းနှင့်   ဂျာမနီအသင်းတို့သည် ယူရို  ၂ဝ၂ဝ ပြိုင်ပွဲ ၁၆  သင်းရှုံးထွက် အဆင့်ပွဲစဉ် အဖြစ် ဇွန် ၂၉ ရက်တွင် ကစားရမည်ဖြစ်ရာ ၎င်းတို့ နှစ်ဦး၏ နောက်ဆုံးအကြိမ် ဆေးစစ်မှုတွင် Nega-tive ရလဒ်ထွက်ပေါ်မည်ဆိုပါက ပါဝင်ကစားခွင့် ရရှိမည် ဖြစ်သည့်အတွက် ယခုအချိန်ကတည်းက သီးသန့်လေ့ကျင့်မှုများ  ပြုလုပ်နေခြင်း ဖြစ်ကြောင်း  သိရသည်။