မျိုးချစ်စိတ်ရှိသူတိုင်းက အမှန်ကိုပြောရဲသည်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဇွန်  ၁၆  ရက်)

မိမိနိုင်ငံ၊ မိမိလူမျိုးကိုချစ်သူတိုင်းက မိမိနိုင်ငံအတွက်ဆိုလျှင် ပြည်တွင်းမှာသာမက နိုင်ငံတကာအလယ်တွင်လည်း ပြောဆိုရဲရပေမည်။ မဟုတ်မမှန်သော စိတ်ကူးယဉ် အမည်ဇာတ်လမ်းမျိုးကို လုံးဝလက်ခံ၍ မဖြစ်ပါ။ မျိုးချစ်စိတ်ရှိသူ နိုင်ငံ့ခေါင်းဆောင် အဆက်ဆက်သည် မိမိတို့နိုင်ငံတွင် အမည်တွင်ခေါ်ဝေါ်ခြင်း မရှိသော လူမျိုးအမည်ကို မရှိဘူးဟူ၍ မာမာတင်းတင်း ပြောဆိုခဲ့ကြသည်။ ကုလသမဂ္ဂ အစည်းအဝေးမျိုးတွင်ပင် ထိုလူမျိုးအမည်ကို ဆက်လက်ပြောနေလျှင်  အစည်းအဝေးခန်းမထဲက ထွက်သွားမယ် ဟူ၍ ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်မှာ အားရဖွယ်ပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုးသာရှိသည်။ ထိုတိုင်းရင်းသား လူမျိုးထဲတွင် ရိုဟင်ဂျာလူမျိုး လုံးဝမပါရှိပါ။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Phoenix ရုပ်သံမီဒီယာက ၂ဝ၂၁ ခုနှစ် မေလ၂ဝ ရက်တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်တွင် မေးမြန်းသည်။ နိုင်ငံတော်အကြီးအကဲ၏ ဖြေကြားချက်မှာ ရှင်းလင်းပြတ်သားလှသည်။

''ရိုဟင်ဂျာဆိုတာမရှိဘူး။ စိတ်ကူးယဉ်ပြီး ပြောတဲ့နာမည်တစ်ခုပါ။ တကယ်တော့ အရှေ့ဘင်္ဂလားနယ်ရဲ့ စစ်တကောင်းဒေသက လာတဲ့သူတွေကို သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ပြောနေကြတာဖြစ်တယ်။ ဘယ်ခေတ် အဆက်ဆက်မှ ရိုဟင်ဂျာလို့ မခေါ်ခဲ့ဘူး။ ကျွန်တော်တို့က အင်္ဂလိပ်ကိုလိုနီ လက်အောက် ရောက်ခဲ့ပါတယ်။ အင်္ဂလိပ်တွေက သန်းခေါင်စာရင်း ကောက်တယ်။ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ်ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာ ဘင်္ဂါလီဆိုတဲ့ စကား၊ စစ်တကောင်းသား ဆိုတဲ့ စကားတွေပဲ တွေ့တယ်။ ရိုဟင်ဂျာလို့ မတွေ့ဘူး။ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ကောက်ခဲ့တဲ့စာရင်းမှ ဘင်္ဂါလီဆိုတဲ့ စကားရယ်၊ ပါကစ္စတန် ဆိုတဲ့စကားရယ်၊ နောက်တစ်ခါ စစ်တကောင်းသားဆိုတဲ့ စကားပဲ ကျွန်တော်တို့တွေ့တယ်။ ရိုဟင်ဂျာဆိုတာမရှိဘူး။ ရိုဟင်ဂျာဆိုတာကို ကျွန်တော်တို့ လက်လည်းလက်မခံဘူး။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား တရားဝင်လက်ခံထားတာ ၁၃၅ မျိုးရှိပါတယ်။ ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာမပါဘူး။ ဘင်္ဂါလီလည်း မပါပါဘူး။ တရားဝင် တိုင်းရင်းသားလည်း မဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ စိတ်ကူးနဲ့ခေါ်ထားတဲ့ နာမည်တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ ဒါကို အသိအမှတ်မပြုပါဘူး''

ဤသည်မှာ မိမိနိုင်ငံနှင့် မိမိတို့ တိုင်းရင်းသားများအတွက် အမှန်ကန်ဆုံး အဖြေစကားဖြစ်သည့်အတွက် မျိုးချစ်စိတ်ရှိသူတိုင်းက ကျေနပ်အားရသည်။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့က စူးအက်တူးမြောင်းကြောင့် ဆန်စပါး ဈေးကောင်းလာသည့််အတွက် အရှေ့ဘင်္ဂလားရှိ ဘင်္ဂါလီများကို မြန်မာနိုင်ငံအတွင်း ခေါ်သွင်းကာ လယ်စိုက်ခိုင်းသည်။ ထိုအချိန်ကတည်းက ၎င်းတို့နေရပ်သို့မပြန်ဘဲ ရခိုင်ပြည်နယ်တွင် နေခြင်းဖြစ်သည်။

၁၉၄၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း အလယ်သံကျော် အရေးအခင်းသည် ကိုလိုနီခေတ်တွင် ဆိုးရွားလွန်းသော ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။

မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည်။

နိုင်ငံတော်နှင့်  နိုင်ငံသားများ၏ အမျိုးသားအကျိုး စီးပွားကို အကာအကွယ်ပေးရန်၊ မိမိတို့တိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို အပြည့်အဝ သတ်မှတ်ပေးရန်အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေသည် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးဆွဲခဲ့သည့် ဥပဒေဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၄)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူ မည်သည့်လူမျိုးကိုမှ နိုင်ငံသား ဖြစ်ခွင့်ပိတ်ပင်ထားခြင်း မရှိပါ။ စည်းကမ်း ဥပဒေနှင့်အညီ ခွင့်ပြုပေးလျက်ရှိသည်။ သို့သော် လုံးဝမရှိသော လူမျိုးအမည်ကိုမူ လုံးဝ(လုံးဝ) လက်ခံမည်မဟုတ်ပါ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ၆/၂ဝ၂၁ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ''နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် အခြားကမ္ဘာ့နိုင်ငံများ နည်းတူ တည်ဆဲလူဝင်မှု ကြီးကြပ်ရေး ဥပဒေများကို ကျော်လွန်ပြီးဆောင်ရွက်မည် မဟုတ်ကြောင်းကို ပြောလိုပါကြောင်း၊ မတရားအသင်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော NUG ဆိုသည့်အဖွဲ့သည် မိမိတို့နိုင်ငံထဲတွင် မိုင်းထောင်၊ ဗုံးခွဲ၊ မီးရှို့၊ အဖျက်အမှောင့် လုပ်ရပ်ဆိုသည့် အဖျက်လုပ်ငန်းများကို လုပ်ဆောင်နေရုံသာမက နိုင်ငံတော်၏ အနာဂတ်၊ ပြည်ထောင်စု၏ အနာဂတ်၊ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး၏ အနာဂတ်ကိုပါ ချိန်ကိုက်ဗုံး တပ်ဆင်လာနေသည်ဆိုသည်ကို သိစေလိုပါကြောင်း'' ပြောကြားခဲ့သည်။ ဤသည်မှာ မျိုးချစ်စိတ်ရှိသူတိုင်းက အမှန်ကို ပြောရဲခြင်းဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။     ။