မြင်းခြံမြို့ရှိ မြဝတီဘဏ် ATM ငွေထုတ်စက်အား လူစုလူဝေးမှ ဖျက်ဆီး

မြင်းခြံမြို့ရှိ မြဝတီဘဏ် ATM ငွေထုတ်စက်အား လူစုလူဝေးမှ ဖျက်ဆီး

နေပြည်တော်၊ မတ်လ ၄ ရက်
    
၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက်၁၁ နာရီ ၃၅ မိနစ် အချိန်ခန့်တွင် ဆူပူ ဆန္ဒပြရန်ရည်ရွယ်ချက်ဖြင့် လူစုလူဝေးအင်အား(၈၀)ဦးခန့်သည် မြင်းခြံမြို့နယ်(၁၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် လမ်းသစ်လမ်းထောင့်ရှိ မြဝတီဘဏ်ရှေ့တွင် စုဝေးရောက်ရှိနေကြောင်း သတင်းရရှိပါသည်။
    
မြဝတီဘဏ်အနေဖြင့် ယနေ့တွင် ဘဏ်လုပ်ငန်းဆောင်ရွက်မှုမရှိဘဲ ဘဏ်ပိတ် ထားသော်လည်း ဆူပူအကြမ်းဖက်လူအုပ်စုမှ ဘဏ်အဆောက်အဦအား ကျောက်ခဲ၊ အုတ်ခဲ များဖြင့်ပစ်ပေါက်ခြင်း၊ ဘဏ်ရှေ့ရှိ ATM စက်အား ရိုက်ချိုးဖျက်ဆီးခြင်းများပြုလုပ်ကာ စက်အတွင်းရှိ ငွေတန်ဘိုး(စိစစ်ဆဲ)အား ယူဆောင်ထွက်ပြေးသွားကြောင်း သိရှိရပါသည်။
    
ဆန္ဒပြသူလူစုလူဝေးများအနေဖြင့် ဆန္ဒပြခေါင်းစဉ်နှင့်အတူ အဖျက်အမှောက် လုပ်ငန်းများကိုပူးတွဲပြုလုပ်ခြင်း၊ အကြမ်းဖက်မှုကျူးလွန်ခြင်းများကို နေရာအနှံ့အပြားတွင် အများအပြားလုပ်ဆောင်နေသည်ကို တွေ့ရှိရပါသည်။ ၎င်းကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များကဖြိုခွဲရာတွင် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်များ မဖြစ်ပွားရေးအတွက် ပြည်သူလူထုအနေဖြင့် လိုက်ပါဆောင်ရွက်ခြင်းမပြုကြပါရန် အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။