မြင်းခြံမြို့၌ အကြမ်းဖက်သူလူတစ်စုမှ သံဃာတော်အား ဖမ်းဆီး၊ လူဝတ်လဲ၊ ရိုက်နှက်ခြင်း

မြင်းခြံမြို့၌ အကြမ်းဖက်သူလူတစ်စုမှ သံဃာတော်အား ဖမ်းဆီး၊ လူဝတ်လဲ၊ ရိုက်နှက်ခြင်း

နေပြည်တော်၊ မတ်လ ၄ ရက်
    
၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ တွင် ဆူပူဆန္ဒပြသူလူလုပ်စုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖြိုခွဲထိန်းသိမ်းခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
    
ယင်းနေ့ ညနေပိုင်းတွင် Online Media ၌ မြင်းခြံမြို့၊ ရပ်ကွက်(စိစစ်ဆဲ)အတွင်း သံဃာတော်တစ်ပါးအား ဆူပူသူလူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်၍ သေဆုံးခဲ့ကြောင်းသတင်းအား တွေ့ရှိရသဖြင့် ဖြစ်စဉ်မှန်ကန်ပါက သံဃာတော်အား ကယ်တင်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ပေါင်းစပ်ကာ သတင်းညှိနှိုင်းဆောင်ရွက်ခဲ့ပါ သည်။
    
သတင်းဆက်စုံစမ်းမှုအရ ၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက်စောပိုင်း အချိန်တွင် ၎င်းသံဃာတော်အား ဒဏ်ရာအများအပြားရရှိထားကာ လူဝတ်လဲ၍ မြင်းခြံမြို့ ပြင်ရှိ တောရကျောင်းရှေ့တွင် ယာဉ်တစ်စီးဖြင့် လာရောက်ချသွားခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်အား တာဝန်ရှိသူများမှ သွားရောက်တွေ့ဆုံစိစစ်ခဲ့ရာ မြင်းခြံမြို့တွင် မတ်လ ၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ  ဆူပူသူလူအုပ်စုအား ဖြိုခွဲစဉ် ၎င်းသံဃာတော်သည် သီတင်းသုံးနေထိုင်ရာ မန္တလေးမြို့၊ တံခွန်တိုင်အဝိုင်းအနီးရှိ ဘုန်းကြီးကျောင်းမှ မြင်းခြံမြို့သို့ ဒါယကာ(၂)ဦးနှင့်အတူ မော်တော်ယာဉ်ဖြင့် လာရောက်စဉ် ဆူပူဆန္ဒပြသူလူအုပ်စုနောက်သို့ ရောက်ရှိခဲ့ပါသည်။ မော်တော်ယာဉ်အား ဆက်လက်မောင်းနှင်လာစဉ် လူအုပ်စုက မော်တော် ယာဉ်နောက်မှ လိုက်ပါလာပြီး ယာဉ်ပေါ်မှ လူအုပ်စုအတွင်းသို့ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း ကောလဟလထုတ်လွှင့်ကာ မော်တော်ယာဉ်အား ပိတ်ဆို့ဖမ်းဆီးပြီး ယာဉ်အားထုခွဲဖျက်ဆီးခြင်း၊ ယာဉ်ပေါ်ပါ သံဃာတော်အားရိုက်နှက်ခြင်းတို့ပြုလုပ်ခဲ့ပြီး အထက(၂)အနီးတွင် လူဝတ်လဲကာ ထိန်းသိမ်း၍ ယနေ့နံနက်တွင် တောရကျောင်းရှေ့သို့ ကားဖြင့်လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။ 
    
၎င်းသံဃာတော်အား နယ်မြေခံတပ်တွင်ခေတ္တထားရှိကာ လိုအပ်သော ကျန်းမာရေး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ သံဃာတော် အစစ်အမှန်အား သာမန်လူကဲ့သို့သဘောထား ရိုက်နှက်ခြင်း၊ အရပ်ဝတ်လဲခြင်းများ စသည့် သာသနာတော် အားထိခိုက် ညှိုးနွမ်းအောင် ပြုမူလုပ်ဆောင်ခဲ့သဖြင့် ဗုဒ္ဓဘာသာဝင်လူထုအနေဖြင့် ၎င်းလုပ်ရပ် အပေါ် စက်ဆုပ်ရွံရှာ မုန်းတီးရှုံ့ချလျက်ရှိကြောင်း သတင်းရရှိပါသည်။