မြစ်ကြီးနားမြို့နယ်အတွင်းလမ်းပြုပြင်ရေးလုပ်ငန်းဆောင်ရွက်နေသည့် လမ်းလုပ်သားများ အား KIA အဖွဲ့က လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ မေ - ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်း မိုင်တိုင်အမှတ်၊ ၁၀၁ ကီလိုမီတာနှင့် ၁၀၂ ကီလိုမီတာကြား၌ လမ်းပြုပြင် ဆောင်ရွက် လျက်ရှိသည့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းလမ်းအထူးအဖွဲ့(၂)မှ ဇင်မျိုးအောင်(ဘ) ဦးစိန်လှအောင် မောင်းနှင်ပြီး လမ်းလုပ်သား ၉ ဦး လိုက်ပါလာသည့် SKAT အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 5G/--- သည် လမ်းပြုပြင်ရန်အတွက် ၁၀၃ ကီလို မီတာသို့သွားရောက်စဉ် ဧပြီ ၃၀ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် တီယန်ဇွတ် ကျေးရွာ၏မြောက်ဘက် ၇ မိုင်ခန့်အကွာနေရာသို့အရောက်၌ KIA အဖွဲ့က လက်နက် ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပစ်ခတ်မှုကြောင့် လမ်းလုပ် သားများဖြစ်ကြသည့် ကျော်မြင့်(ဘ)ဦးဘိုနီ၊ မတင်မာအေး(ဘ)ဦးထွန်းစိန်နှင့် မခင်နွေဦး(ဘ)ဦးတင်ငွေတို့တွင် လက်နက်ငယ်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။