မြစ်ကြီးနားမြို့၊ မြိတ်မြို့နှင့် လှည်းကူးမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

မြစ်ကြီးနားမြို့၊ မြိတ်မြို့နှင့် လှည်းကူးမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၁၅ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်စုစုပေါင်း ၄၁ ပါးအား အဆိုပါမြို့ရှိ မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက်၌ လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ရှိ ဘုရားငါးဆူစာသင်တိုက်မှ သံဃာတော် ၄၅ ပါးအား အဆိုပါ စာသင်တိုက်၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မဒေါ့ပင် ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၆၃ ဦး တို့ကို အဆိုပါကျေးရွာရှိ ဓမ္မသုခကျောင်းတိုက်၌ လည်းကောင်း ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်များနှင့် ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ သွေးတိုး ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG ၊ Ultrasound စက်များ ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ် ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ  တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။