မြစ်သားမြို့ ၊ မုဒုံမြို့နှင့် ကော့သောင်းမြို့နယ်တို၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက်ရန် ပြုလုပ်ထားရှိသည့် ဖောက်ခွဲရေး ပစ္စည်းများအား လက်ဝယ်ထားရှိသူများနှင့် အတူ ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ မေ ၂၈

အကြမ်းဖက်သူများ အဖျက်အမှောင့်လုပ်ရပ်များတွင် အသုံးပြုလျက်ရှိသည့် လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မေလ ၂၇ ရက် နေ့လယ်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မြစ်သားမြို့အဝင် စမာမောင်းတံအနီး၌ လုံခြုံရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်စဉ် မွန်းလွဲ ၂ နာရီ ခန့်တွင် မြစ်သား-မြင်းခြံ ကားလမ်းအတိုင်း မော်တော်ဆိုင်ကယ် မောင်းနှင်လာသူ မကျီးကန်ကျေးရွာ နေ ကိုကိုဇော်(၂၇)နှစ် (ဘ)ဦးမောင်မောင် အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ကိုဖိုးနီ၏ ထန်းတောအား သွားရောက်ရှာဖွေရာ အဆိုပါထန်းတော တဲအတွင်းမှ လက်လုပ်လေသေနတ် ၂ လက်၊ လေသေနတ်ဒင် ၁ ခု၊ လေအိုး ၁ ခုတို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အလားတူ ည ၇ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ ဉယျာဉ်လမ်းသွယ် (၁)လမ်းနေ ဟန်ဝင်းထွန်း (၃၉)နှစ် (ဖ)ဦးမောင်လုံး၏ နေအိမ်အား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအားနေအိမ်အတွင်း အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေခဲ့ရာ နေအိမ် အတွင်းမှ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ၎င်းကျည် ၆ တောင့်၊ လက်လုပ်မိုင်း ၁၁ လုံး နှင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အလားတူ ည ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် တနင်္ဿာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံတုံတုံးကျေးရွာနေ ဝင်းဇော်(ခ)လာဇီ(၄၅)နှစ် (ဘ)ဦးကျော်အေး၏ နေအိမ်အား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအားနေအိမ်အတွင်းမှ USA ထုတ် 208K712 စာတန်းပါ SMITH & WESSON ခြောက်လုံးပြူး ၁ လက်၊ .၃၈ ဗို့ကျည် ၄ တောင့်၊ ခြောက်လုံးပြူး သေနတ်အိတ် ၁ လုံးနှင့် အရိုးအသွား ၃ ပေ ၇ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။