မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ဦးဆောင်၍ (၁၁)ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ဦးဆောင်၍ (၁၁)ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန်-၃၀

 မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ဦးဆောင်၍ (၁၁)ကြိမ်မြောက် အာဆီယံ အပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့အစည်း အဝေး (11th ADMM- Plus Experts’ Working Group on Counter-Terrorism Meeting- EWG on CT Meeting) ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးသို့ ADMM-Plus EWG-CT ပူးတွဲဥက္ကဋ္ဌများ ဖြစ်ကြသော မြန်မာတပ်မတော်မှ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်၊ ရုရှားတပ်မတော်မှ Major General Grigory TURIN တို့နှင့်အတူ အာဆီယံနိုင်ငံများ၊ အာဆီယံ ဆွေးနွေးဖက်နိုင်ငံများဖြစ်သော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ အမေရိကန်နိုင်ငံတို့နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ် အဖွဲ့များ ပါဝင်တက်ရောက်သည်။ အစည်အဝေးတွင် ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က အဖွင့်အမှာစကား ပြောကြားပြီးနောက် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စာတမ်းများ ဖတ်ကြားဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံက “On Assessment of Terrorist Threats in Southeast Asia” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ၌ အာဆီယံဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်လုပ်ရပ်များတွင် နိုင်ငံရေး အစွန်းရောက်များနှင့် ဘာသာရေး အစွန်းရောက်များ၏ အကြမ်းဖက် လုပ်ဆောင်မှုသွင်ပြင်လက္ခဏာရပ်များ၊ ဒေသအတွင်း ဖြစ်ပေါ်ခဲ့သည့် ထင်ရှားသော အကြမ်းဖက်ဖြစ်စဉ်များနှင့် ၎င်းဖြစ်စဉ်များအပေါ် လေ့လာသုံးသပ်ခြင်းများအပြင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်လျက် ရှိသော အကြမ်းဖက်လုပ်ရပ်များကို ကြိုးကိုင်ဖန်တီးနေသည့် တရားမဝင် အဖွဲ့အစည်းများဖြစ်ကြသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအဖွဲ့ (Committee Representing Pyidaungsu Hluttaw- CRPH ) အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ (National Unity Government-NUG) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (People Defence Force-PDF) တို့၏ အစွန်းရောက်နိုင်ငံရေး ရည်မှန်းချက်ဖြင့် နိုင်ငံတကာဥပဒေ၊ ပြည်တွင်း တည်ဆဲဥပဒေများကို ချိုးဖောက်ကာ အပြစ်မဲ့ပြည်သူများအပေါ် သတ်ဖြတ်မှုများ၊ အရပ်ဘက် ပစ်မှတ်စာသင်ကျောင်းများကို အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားရှိမှုများနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား လည်းကောင်း၊ “Discussion on Cooperation of Regional Countries to Combat Terrorist Groups” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ၌ အကြမ်းဖက်အဖွဲ့အစည်းများ တိုက်ဖျက်ရေးတွင် ADMM-Plus အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ မြန်မာ နိုင်ငံက အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသော အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ပါဝင်သည့် ARAKAN Rohingya Salvation Army (ARSA) အဖွဲ့နှင့် NUG ၊ PDF အဖွဲ့တို့၏ အကြမ်းဖက်လုပ်ရပ်များ၊ ARSA နှင့် NUG တို့ ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘင်္ဂါလီပြဿနာကို အသုံးချ၍ နိုင်ငံရေး အမြတ်ထုတ်ရန်အတွက် အကြမ်းဖက်လုပ်ရပ်များ အရှိန်မြှင့်လာနိုင်သည့် အခြေအနေများ၊ ၎င်းတို့၏ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုလုပ်ရပ်များအား ကာကွယ်တိုက်ဖျက်ရန် သတင်းဖလှယ်နိုင်မည့် အခြေအနေများအား လည်းကောင်း ဆွေးနွေးပြောကြားသည်။ ရုရှားနိုင်ငံက ဆီးရီးယားနိုင်ငံရှိ အကြမ်းဖက ်ခြိမ်းခြောက်မှုများသည် ရုရှား နိုင်ငံသို့ စိမ့်ဝင်ခြိမ်းခြောက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားနိုင်ငံ၏ အကြမ်းဖက်မှု နှိမ်နင်းရေးစနစ် ဖွဲ့စည်းတည်ဆောက်ပုံ၊ မြောက်ကော့ကေးဆပ်ဒေသ၌ အကြမ်းဖက်မှု နှိမ်နင်းရေး ဆောင်ရွက်မှုများနှင့် ဆီးရီးယားနိုင်ငံ၏ နိုင်ငံတကာ အကြမ်းဖက်မှုနှိမ်နင်းရေးတွင် ရုရှားတပ်မတော်၏ အခန်းကဏ္ဍစသည်တို့အား ဆွေးနွေးပြောကြားသည်။ အစည်အဝေး တက်ရောက်လာသည့် အာဆီယံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် နိုင်ငံများက စာတမ်းများအပေါ် အမြင်များ၊ အကြံပြုချက်များ ပြုလုပ်ကြပြီး မိမိတို့နိုင်ငံ အလိုက် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များအား ဆွေးနွေးခြင်းတို့ ပြုလုပ်သည်။ အစည်းအဝေးသို့ ဒုတိယတပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ငြိမ်းချမ်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ရုံးမှ အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံတို့သည် ASEAN Defence Ministers’ Meeting-Plus (ADMM-Plus) လုပ်ငန်းစဉ် အောက်တွင် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်းအဖွဲ့ (ADMM-Plus EWG on CT) ၏ ပူးတွဲဥက္ကဋ္ဌများ အဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သတင်းရရှိသည်။