မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ခေတ်မှီစက်ကိရိယာများဖြင့် သရုပ်ပြသမှုကို ကြည့်ရှု စစ်ဆေး

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ခေတ်မှီစက်ကိရိယာများဖြင့် သရုပ်ပြသမှုကို ကြည့်ရှု စစ်ဆေး

 
နေပြည်တော်၊ ဩဂုတ်- ၇

 
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေ လျှံခြင်းနှင့် ဒီရေတက်သဖြင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေဝင်ရောက်ခြင်းများ ရှိလာပါက အချိန်တိုအတွင်း ရေစုပ်ထုတ်နိုင်ရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် က ယနေ့နေ့လယ်ပိုင်းတွင် အင်းယားကန်၌ သရုပ်ပြသရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ဝန်ကြီးများနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး ကြသည်။

 
ဦးစွာ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ က မီးလောင်မှုနှင့် ရေကြီးရေလျှံမှုများတွင် လျင်မြန်ထိရောက်သော မီးငြှိမ်းသတ်ရေးနှင့်ကယ်ဆယ် ရေးဆောင်ရွက်နိုင်ရေးနှင့် ရန်ကုန်မြို့တွင် ရေကြီးရေလျှံဖြစ်ပေါ်ပါက ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ကို ရှင်းလင်းတင်ပြသည်။

 
ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ဂါလံ ၁၆၀၀ မီးသတ်ရေသယ်ယာဉ် ၅ စီး၊ ( Hydro Sub HFS-60) စက် ၂ လုံး၊ Life Voy နှင့် ရေငုပ်ဝတ်စုံများဖြင့် ရေပြင်ရှာဖွေကယ်ဆယ် ရေးလေ့ကျင့်မှုများကိုပါ ပူးတွဲသရုပ်ပြသသည်။

 
HFS-60 သည် ဟိုက်ဒရောလစ်စနစ်ဖြင့် မောင်းနှင်သော Submersible Pump၊ စွမ်းဆောင်ရည်မြင့်မားသော axial-piston တို့ပါဝင်သည့် ဟိုက်ဒရောလစ် ပန့်နှင့် စွမ်းအားမြှင့်ဒီဇယ်တို့၏ ပေါင်းစပ်မှုကြောင့် Mobile Pump System အမျိုးအစားထဲတွင် လုပ်ဆောင်နိုင်စွမ်း အမြင့်မားဆုံးဖြစ်ပြီး ကြီးမားသော မီးငြှိမ်းသတ်ရေးတွင် တစ်မိနစ် ၅၃၃၀ ဂါလံ(လီတာ ၁၅၀၀)နှုန်းဖြင့် မီးငြှိမ်းသတ် နိုင်ခြင်း၊ မီးသတ်ကား ၅ စီးကို နှစ်မိနစ်မှ သုံးမိနစ်အတွင်း တစ်ပြိုင်တည်း ရေဖြည့် နိုင်ခြင်း၊ ရေကြီးရေလျှံမှုများနှင့် မြေအောက်ထပ်အလွှာများ ရေဝင်ရောက်နိုင်မှုကို အချိန်တိုအတွင်း ရေစုပ်ထုတ်နိုင်ပြီး ရေစုပ်ထုတ်ရာတွင် တစ်မိနစ်ရေဂါလံ ၄၄၀၀ (လီတာ ၂၀၀၀၀)နှုန်းဖြင့် စုပ်ထုတ်နိုင်ခြင်းစသည့် စွမ်းဆောင်ရည်များရှိကြောင်း သတင်းရရှိသည်။