မြန်မာနိုင်ငံအပေါ် နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ချမှတ်ထားသည့် လူ့အခွင့်အရေးယန္တရားများနှင့် ကျင့်ဝတ်ပျက်ပြားသော ကောက်ချက်ချမှုများကိုပယ်ချ

မြန်မာနိုင်ငံအပေါ် နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ချမှတ်ထားသည့် လူ့အခွင့်အရေးယန္တရားများနှင့် ကျင့်ဝတ်ပျက်ပြားသော ကောက်ချက်ချမှုများကိုပယ်ချ

ဂျီနီဗာမြို့တွင်  ကျင်းပလျက်ရှိသည့်   ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ (၄၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ်ဆန့်ကျင်သည့် ဆွေးနွေးမှု(၃)ခုကို သက်ဆိုင်ရာမြန်မာနိုင်ငံ မပါဝင်ဘဲကျင်းပခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် အပြန်အလှန်ဆွေးနွေးမှုများ၏ အနှစ်သာရကိုလျစ်လျူရှုကာ နိုင်ငံတစ်နိုင်ငံ၏ မျက်ကွယ်တွင် တစ်ဖက်သတ်ပြုလုပ်သည့် ကိစ္စဖြစ်သောကြောင့် လူ့အခွင့်အရေးကောင်စီတွင် အန္တရာယ်ရှိသောအစဉ်အလာကိုဖြစ်ပေါ်စေခဲ့သည်။ ယင်းအပြုအမူသည်   လူ့အခွင့်အရေးကောင်စီကဲ့သို့  မူဝါဒကိုစောင့်ထိန်းသည့် ယန္တရားကိုယ်တိုင်က ၎င်းင်းချမှတ်ထားသည့် မူဝါဒများနှင့် ဦးတည်ချက် များကို လေးစားလိုက်နာခြင်းရှိ၊ မရှိ မေးခွန်းထုတ်ဖွယ်ပင်ဖြစ်သည်။  မြန်မာကိစ္စအစီရင်ခံချက်များတွင်ပါရှိသော  အကြောင်းအရာ များမှာ တိကျမှန်ကန်ခိုင်လုံမှုမရှိဘဲ  လိုရာဆွဲယူဖော်ပြထားသော  စွပ်စွဲချက်များသာ ဖြစ်သောကြောင့်  အဆိုပါစောင့်ကြည့် အစီရင်ခံရေး  ယန္တရားများသည် မည်သူ့ကိုမှအကျိုးမပြုကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)သည် ၁၃-၉-၂၀၂၁ ရက်တွင် လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံခဲ့သည်။ ယင်းယန္တရား၏ လုပ်ပိုင်ခွင့်နှင့်ရည်ရွယ်ချက်များကို စတင်တည်ထောင်ကတည်းက မြန်မာနိုင်ငံမှ အသိအမှတ် မပြုကြောင်း ကြေညာခဲ့ပြီး၊ အကြိမ်ကြိမ်ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်သည်။ အဆိုပါယန္တရားမှ တောင်းဆိုချက်များသည် လူ့အခွင့် အရေးကို ယိုးမယ်ဖွဲ့၍  နိုင်ငံရေးသွတ်သွင်းမှုသာဖြစ်ရာ အကျိုးဆက်အနေဖြင့် အခြားအလားတူယန္တရားများနှင့် အစီရင်ခံစာများ ကဲ့သို့ပင်  ထပ်ဖန်တလဲလဲဖော်ပြထားသော စွပ်စွဲချက်များကိုသာထွက်ပေါ်စေပါသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက ၂၂-၉-၂၀၂၁ ရက်တွင် နှုတ်ဖြင့်အစီရင်ခံစာ တင်သွင်းခဲ့သည်။ အထူးအစီရင်ခံစာတင်သွင်းသူတို့ လိုက်နာရမည့်ကျင့်ဝတ်တွင် ၎င်း၏ကောက်ချက်များကို သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများထံ ပထမဆုံးပေးပို့ရန်နှင့် လူ့အခွင့်အရေးဆိုင်ရာ  စွပ်စွဲချက်များအပေါ်  အများပြည်သူသို့ ထုတ်ဖော်ပြောကြား ရာတွင်  သက်ဆိုင်ရာ နိုင်ငံ၏တုံ့ပြန်ချက်များကို ထည့်သွင်းဖော်ပြရန်ပါရှိသည်ကို ချိုးဖောက်ထားကြောင်း တွေ့ရပါသည်။ အထူး အစီရင်ခံစာတင်သွင်းသူက ၎င်း၏ကျင့်ဝတ်ကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်းကြောင့် တစ်ဖက်သတ်အစီရင်ခံမှုများဖြစ်ပေါ်စေကာ နိုင်ငံတကာအသိုက်အဝန်းကို မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားစေခဲ့သည်။ ထို့ပြင် NUG အမည်ရှိ အကြမ်းဖက်အဖွဲ့က လက်နက်ကိုင်အကြမ်းဖက်မှုများ အရှိန်မြှင့်တင်တိုက်ခိုက်ရန် ၇-၉-၂၀၂၁ ရက်တွင်  ထုတ်ပြန်ခဲ့သည့်ကြေညာချက်နှင့်ပတ်သက်၍ အများကစိုးရိမ်ပူပန်နေကြစဉ်တွင် အထူးအစီရင်ခံစာတင်သွင်းသူက ယင်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အမွှမ်းတင် ထားကြောင်း တွေ့ရသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးသည် ၎င်း၏အစီရင်ခံစာကို ၂၃-၉-၂၀၂၁ ရက်တွင် ကောင်စီသို့တင်ပြခဲ့ပြီး ယင်းအစီရင်ခံစာတွင် ၉-၄-၂၀၂၁ ရက်၊ ပဲခူးတိုင်း၌ဖြစ်စဉ်ကြောင့်  လူပေါင်း (၈၀) ကျော် သေဆုံးခဲ့ကြောင်း စွပ်စွဲထားသည်။ အဆိုပါနေ့တွင် ပဲခူးတိုင်းရှိ နယ်မြေ အချို့ကို ထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်လက်နက်ကိုင်များက လမ်းအချို့ကို စီးနင်းထားခဲ့သည်။ လုံခြုံရေးတာဝန်ရှိသူများက အတားအဆီးများကိုဖယ်ရှားစဉ် လက်နက်ကိုင် တစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍လည်း မြန်မာ အစိုးရက ဖြစ်ရပ်မှန်သတင်းများကို တရားဝင်ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။ ရည်ရွယ်ချက်ရှိရှိဖြင့် ချဲ့ကားထားသည့် ယင်းကိန်းဂဏန်း၏ သတင်းရင်းမြစ်တွင် သေဆုံးသူများကို “အမည်မသိ ၅၄ ဦး”ဟုသာ ဖော်ပြလျက်၊ ကျန်ထိခိုက်သည်ဆိုသူများနှင့်စပ်လျဉ်း၍လည်း စိစစ်နိုင်သော အချက်အလက်များမပါဝင်ကြောင်း တွေ့ရှိရ သည်။ သတင်းမှားများကို အခြေခံသည့် စိတ်ခံစားချက်နှင့်အချက်အလက်ကို ခွဲခြားရန်ပျက်ကွက်သော အစီရင်ခံစာရေးသား သူများ၏ ပညာရှင်ဆန်မှုနှင့် အရည်အသွေးမှာ မေးခွန်းထုတ်ဖွယ်ဖြစ်သည်။

မြန်မာနိုင်ငံ၌ လက်ရှိနိုင်ငံရေးအခြေအနေဖြစ်ပေါ်ရသည့် အကြောင်းရင်းဖြစ်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း ၁၁.၃ သန်း (သို့မဟုတ်) တစ်နိုင်ငံလုံးရှိမဲဆန္ဒရှင်များ၏ ၂၉ ရာခိုင်နှုန်းရှိ မဲမသမာမှုများကို ယင်းအစီရင်ခံချက်အားလုံးတွင် သိသာစွာလျစ်လျူရှုထား သည်။ ထို့ပြင် NUG ၊ CRPH နှင့် PDF တို့ကကျူးလွန်သည့် အကြမ်းဖက်မှုများကို လျှော့ပေါ့ ဖော်ပြ ထားသည်။ ဥပဒေနှင့်အညီ တည်ရှိနေသော နိုင်ငံရေးပါတီများမှ ပါတီဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူ စုစုပေါင်း ၇၉၉ ဦးသည် နိုင်ငံရေးအမြင်ကွဲပြားမှု Civil Disobedience Movement ခေါ် လှုပ်ရှားမှုတွင် မပါဝင်မှုနှင့် သတင်းပေးဟု စွပ်စွဲခံရမှုတို့ ကြောင့် သတ်ဖြတ်ခံရသည့် ကြောက်မက်ဖွယ်ကိန်းဂဏန်းကို ယင်းအစီရင်ခံစာများတွင် ဖုံးကွယ်လျစ်လျူရှုထားပါသည်။  ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာနေရာများကို ယင်းအကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ကျန်းမာရေးဝန်ထမ်းများနှင့် အရပ်သားပြည်သူများ သေကျေဒဏ်ရာရရှိမှုများမှာ မျက်ကွယ်ပြု၍မရအောင် ထင်ရှားပါသည်။

နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ချမှတ်ထားသည့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် မမျှတသော လုပ်ပိုင်ခွင့်များသည် အောင်မြင်မှုရရှိသည်ကို မြင်တွေ့ခဲလှသည်။ ယင်းယန္တရားများက နိုင်ငံအတွင်း စိတ်ဝမ်းကွဲပြားမှုများနှင့် အထင်အမြင်လွဲမှား မှုများ ကိုသာ ဖြစ်ပေါ်စေသည်။ ယင်းယန္တရားများသည် မြန်မာနိုင်ငံက ရင်ဆိုင်နေရသော စိန်ခေါ်မှုများကိုဖြေရှင်းရန် အထောက်အကူ မပြုသည့်အပြင် အဟန့်အတား ဖြစ်စေပါသည်။ သို့ဖြစ်၍ ယင်းသို့ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထား သော ယန္တရားများ၏ အစီရင်ခံစာများနှင့် ပြောကြားချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ပယ်ချလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၅ ရက်