မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အသေးစား စက်မှုလက်မှု လုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အသေးစား စက်မှုလက်မှု လုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံအတွင်းရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းများ၏ အခန်းကဏ္ဍ အသေးစားစီးပွားရေး လုပ်ငန်းများအတွက် စီးပွားရေးနှင့် ဆက်စပ်သည့်    သတင်းအချက်အလက်၊ နည်းပညာ အထောက်အကူများနှင့် ငွေကြေးပံ့ပိုးမှုများ လွယ်ကူစွာရရှိနိုင်စေရန်၊ အသေးစား စီးပွားရေး လုပ်ငန်းများသည် ပြည်တွင်းပြည်ပ ဈေးကွက်များသို့ လက်လှမ်းမီစေရန်နှင့်   ယှဉ်ပြိုင်နိုင်မှု စွမ်းရည် မြင့်မား တိုးတက်စေရန်၊ အသေးစား စီးပွားရေး လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာခြင်း အားဖြင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းသစ်များနှင့် အတူ ဝင်ငွေတိုးတက် ရရှိလာစေရန် ကူညီဆောင်ရွက်ပေးနေသည့် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်နှင့် တွေ့ဆုံမေးမြန်းချက်များကို တင်ပြလိုက်ရပါသည်။

မေး။  ။ပထမဆုံး အနေဖြင့် MSME နဲ့ ပတ်သက်ပြီး ပြည်သူများ   သိရှိနားလည်အောင်  အနည်းငယ် ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ MSME ဆိုသည်မှာ Microç Small and Medium Enterprises (MSMEs) (အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး) လုပ်ငန်းများ ဖြစ်ပါတယ်။ နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သော အရင်းအမြစ်ဖြစ်ခြင်း၊ ဆင်းရဲမှု လျှော့ချပေးနိုင်ခြင်းနဲ့   လူမှုစီးပွားဘဝ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက ဆောင်ရွက်ပေးနေတဲ့  မောင်းနှင်အား တစ်ခုဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရှိ အသေးစား(Micro)လုပ်ငန်းဆိုတာ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း (Cottage Industries) များကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အသေးစား (Micro) လုပ်ငန်းများသည်  ဒေသတွင်း အခြေခံ လူတန်းစားများ၏ အလုပ်အကိုင် အခွင့်အလမ်းများစွာကို အများဆုံး ဖန်တီးပေးလျက်ရှိပြီး အငယ်စား(Small) စီးပွားရေး လုပ်ငန်းများနဲ့ အလတ်စား(Medium)စီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရန် အတွက်  အထောက်အကူပြုလျက် ရှိတဲ့ လုပ်ငန်းများ ဖြစ်ပါတယ်။

မေး။ ။အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန အနေနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးရတဲ့ အပိုင်းလေးကိုလည်း သိပါရစေ။

ဖြေ။ ။ကျွန်မတို့ဌာနရဲ့ လုပ်ငန်းတာဝန်တွေ အနေနဲ့ကတော့ အသေးစား စက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနဲ့အညီ စနစ်တကျ မှတ်ပုံတင်ပေးခြင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပါ သင်ကြားပေးခြင်း၊   ရိုးရာရက်ကန်းနဲ့ ယွန်းထည်လုပ်ငန်း အတတ်ပညာ ဒီပလိုမာအဆင့် သင်ကြားပေးခြင်း၊ မြန်မာ့လက်မှုလုပ်ငန်း ရှင်သန်ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခြင်း၊ အသေးစား စက်မှုလက်မှု ထုတ်ကုန်များ  အရည်အသွေး မှန်ကန်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုရှိဖို့ ဓာတ်ခွဲ စစ်ဆေးပေးခြင်း၊အိမ်တွင်းတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ထူထောင် ဆောင်ရွက်နိုင်ဖို့   အသက်မွေး ဝမ်းကျောင်းပညာ လေ့ကျင့်ရေး ဌာန Incubation Centerများ ဖွင့်လှစ်ရန် နည်းပညာများ လေ့ကျင့် သင်ကြားပေးခြင်း၊ အသေးစား စက်မှုလက်မှုထုတ်ကုန်များ နည်းပညာနဲ့ ဈေးကွက် ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မေး။ ။အသေးစား စက်မှုလက်မှု လုပ်ငန်းဆိုတာကို ဘယ်လိုအမျိုးအစား ခွဲခြား   သတ်မှတ်ထားလဲ၊ အမျိုးအစား ဘယ်လောက် ရှိပါသလဲဆိုတာ သိချင်ပါတယ်။

ဖြေ။  ။အသေးစား စက်မှုလက်မှုလုပ်ငန်း ဆိုတာ မိသားစုဝင်များဖြင့်သော် လည်းကောင်း၊ အလုပ်သမား ငှားရမ်း အသုံးပြု၍သော် လည်းကောင်း၊ စုပေါင်း၍ သော် လည်းကောင်း၊  ကုန်ပစ္စည်း ထုတ်လုပ်သည့် သို့မဟုတ် ပြုပြင်မွမ်းမံသည့် မြင်းကောင်ရေ သုည ဒသမ ၂၅ နှင့်အထက်၊ ၅ ကောင်အားနှင့် အောက် အသုံးပြုတဲ့ အလုပ်သမားကိုးဦးထက် မပိုသော အိမ်တွင်း စက်မှုလုပ်ငန်းနှင့် အလုပ်သမား သုံးဦးနှင့် အထက် ရှိသော အိမ်တွင်းလက်မှု လုပ်ငန်းများကို ဆိုခြင်းဖြစ်ပါတယ်။ အမျိုးအစားအားဖြင့်တော့ ၁၃ မျိုးရှိပါတယ်။ ကုန်ထုတ်လုပ်မှု အပိုင်းအနေဖြင့် စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးကုန်၊ အိမ်ဆောက်ကုန် ကုန်ကြမ်းဖြစ်ပြီး   လုပ်ငန်းများ အနေနဲ့ကတော့ အဝတ်အထည်၊ ပုံနှိပ်၊ ထုပ်ပိုး၊ ဓာတ်သတ္တု၊ စိုက်ပျိုးရေး၊ စက်မှုအလုပ်ရုံ၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နဲ့ အထွေထွေဖြစ်ပါတယ်။

မေး။ ။အသေးစား စက်မှုလက်မှုလုပ်ငန်းများ လုပ်ရန်အတွက် မှတ်ပုံတင်ရာမှာ ဆောင်ရွက်ရမယ့် နည်းလမ်းများလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။ ။အသေးစား စက်မှုလက်မှု လုပ်ငန်းများအတွက် မှတ်ပုံတင်ရာမှာ ဆောင်ရွက်ရမယ့် နည်းလမ်းများကတော့ အသေးစား စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင် လျှောက်ထားသူသည် - တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံး များမှာ လုပ်ငန်းလျှောက်လွှာပုံစံ ( ၁ ) ကို ဝယ်ယူ ဖြည့်စွက်ပြီး လိုင်စင်ဓာတ်ပုံ (၅)ပုံ ၊ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ ( ၃ ) စောင်နဲ့အတူ အခြားပူးတွဲ တင်ပြရန် လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားများဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှာ   လုပ်ငန်းမှတ်ပုံတင် လျှောက်ထားနိုင်တယ်။

လူသုံးကုန်၊ အလှကုန်နှင့် စားသောက်ကုန်လုပ်ငန်း အတွက် လျှောက်ထားချင်ရင် ဦးစီးဌာနရဲ့ ဓာတ်ခွဲ ခန်းများမှာ  စစ်ဆေးထားတဲ့  ဓာတ်ခွဲစမ်းသပ်မှု ရလဒ်များ  တင်ပြရမှာဖြစ်ပါတယ်။  သစ်အခြေပြု အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းတွင် အသုံးပြုသည့် ပြန်စိတ်စက်ငယ် လုပ်ငန်းနှင့် ပရိဘောဂလုပ်ငန်း ဖြစ်ပါက  သစ်စက်နဲ့သစ်ဆိုင်များမှ ဝယ်ယူသော တရားဝင် သစ်ဝယ်ပြေစာ တင်ပြရမှာဖြစ်ပါတယ်။

တိုင်းရင်းဆေးဝါးဖြစ်ပါက သက်ဆိုင်ရာ တိုင်းရင်းဆေးပညာ ဦးစီးဌာနက ထုတ်ပေးတဲ့ လိုင်စင်နဲ့  မှတ်ပုံတင်လက်မှတ် တင်ပြရမှာဖြစ်ပါတယ်။  စိုက်ပျိုးရေး အကျုံးဝင်သော လုပ်ငန်းဖြစ်ပါက စိုက်ပျိုးရေးနဲ့ သက်ဆိုင်သော ဌာနမှ ဓာတ်ခွဲစမ်းသပ်မှု အဖြေတင်ပြ

ရမှာဖြစ်ပြီး   အခြားထုတ်ကုန် ပစ္စည်းများအတွက် သက်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းတွေ ပူးတွဲတင်ပြရန် လိုအပ်မှာဖြစ်ပါတယ်။

မေး။ ။အသေးစား စက်မှုလက်မှု လုပ်ငန်းများ မှတ်ပုံတင်ခြင်းဖြင့် ဘယ်လိုအကျိုး ကျေးဇူးများ ရှိပါသလဲ ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။အသေးစား စက်မှုလက်မှု လုပ်ငန်းများ မှတ်ပုံတင်ခြင်းဖြင့် မှတ်ပုံတင် လုပ်ငန်းရှင်၏ ထုတ်ကုန်များအား စားသုံးသူများမှ ယုံကြည်စိတ်ချမှုရှိခြင်း၊ ထုတ်ကုန် ပစ္စည်းများအား  ဈေးကွက်တွင် တရားဝင်ဖြန့်ဖြူး ရောင်းချခွင့်ရရှိခြင်း၊     နည်းပညာအကူအညီ အထောက်အပံ့များ ရရှိနိုင်ခြင်း၊ မှတ်ပုံတင် လုပ်ငန်းရှင်များသည်  လုပ်ငန်းရင်းနှီး မြှုပ်နှံမှု ချေးငွေရရှိရန် အတွက် ဌာနမှ ထောက်ခံချက် ရရှိနိုင်ခြင်း၊ MSMEs Member အဖြစ် အသိအမှတ်ပြု ခံရခြင်း၊ ပြည်တွင်း ပြည်ပရှိ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများသို့ တက်ရောက်နိုင်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်  နှစ်စဉ်ကျင်းပပြုလုပ်ပေးသည့် ကုန်စည်ပြပွဲ၊  ပြိုင်ပွဲများတွင်  ပါဝင်ပြသခြင်းဖြင့် ပြည်တွင်း ပြည်ပဈေးကွက်များ ရရှိနိုင်ခြင်း၊ အသစ် ထူထောင်သော ထုတ်လုပ်မှုကို အခြေခံသည့် အသေးစား လုပ်ငန်းများအတွက် လုပ်ငန်းစတင်သော နှစ်အပါအဝင် တစ်ဆက်တည်း သုံးနှစ်ကာလအတွင်း နှစ်တစ်နှစ် စုစုပေါင်းအသားတင် အမြတ်ဝင်ငွေ ကျပ်သိန်းတစ်ရာအထိ ဝင်ငွေခွန် ကင်းလွတ်ခွင့်ရနိုင်ခြင်း၊ လုပ်ငန်းများ ပိုမိုအောင်မြင်လာစေရန် လုပ်ငန်း သဘောသဘာဝ တူညီတဲ့  မျိုးတူစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်း၊  ဦးစီးဌာနနဲ့ အစိုးရဌာနများက အခါအားလျော်စွာ သတ်မှတ်ပေးတဲ့ အခြားအခွင့်အရေးများကို ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

မေး။ ။ MSME လုပ်ငန်းတွေက  တိုင်းပြည်ကို တိုးတက်အောင် လုပ်ဆောင်တဲ့ ကဏ္ဍများမှာ ပါဝင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနေဖြင့် ဘဏ်ချေးငွေနဲ့ MSME ပတ်သက်တဲ့ ဆက်နွှယ်ဆောင်ရွက်ရတဲ့ အပိုင်းကိုလည်း သိပါရစေ။

ဖြေ။   ။ကျွန်မတို့ဌာနမှာ မှတ်ပုံတင်ထားတဲ့ အသေးစား စက်မှုလက်မှုလုပ်ငန်း (Micro Industries ) များ ချေးငွေ ရရှိရေးကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန လက်အောက်ရှိ သမဝါယမဦးစီးဌာနနှင့် ချိတ်ဆက်၍ လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရှိ ''မြစိမ်းရောင် စီမံကိန်း'' တို့နဲ့ချိတ်ဆက်၍ လည်းကောင်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။

မေး။ ။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဦးစီးဌာနရဲ့အခန်းကဏ္ဍအနေနဲ့ မည်သို့ များ ဆောင်ရွက်နေပါသလဲ၊ မည်မျှအထိ ခရီးရောက်ပြီလဲ သိပါရစေ။

ဖြေ။ ။ဌာနအနေနဲ့ကတော့ အသေးစား စက်မှုလက်မှု လုပ်ငန်း (Micro Industries) များ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နည်းပညာ အကူအညီပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ  ၂ဝ၂ဝ-၂ဝ၂၁  ဘဏ္ဍာနှစ်အတွင်း အသေးစား စက်မှုလက်မှုလုပ်ငန်း (Micro Industries) များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း (၁၆၉)ကြိမ်ကို  တိုင်းဒေသကြီး/ပြည်နယ်များမှာ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ သင်တန်းတွေအနေနဲ့ ကတော့ ကာလရှည် သင်တန်းတွေအနေနဲ့ ရက်ကန်းပညာ၊ ယွန်းထည်လုပ်ငန်း အတတ်ပညာဖြစ်ပြီး ကာလတို သင်တန်းတွေ အနေနဲ့ကတော့ ရက်ကန်းဆိုင်ရာလုပ်ငန်း၊ အဝတ်အထည်၊ လက်မှုထည်နဲ့ စက်မှု၊ လျှပ်စစ်ပညာများဖြစ်ပါတယ်။

မေး။ ။ MSME  လုပ်ငန်းများ ကိုဗစ်-၁၉ ကာလတွင် ထိခိုက်ခဲ့ရမှုများနဲ့ ပတ်သက်ပြီး ကုစားရေး အစီအစဉ်များ မည်သို့ဆောင်ရွက်နေပါသလဲ သိပါရစေ။

ဖြေ။ ။ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံအနေဖြင့် MSME လုပ်ငန်းများ ထိခိုက်မှုများ ရှိခဲ့ပါတယ်။ ဒါကြောင့် ဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရမှုများကို ပြန်လည် ကုစားနိုင်ရန်အတွက် Covid-19 Economic Relief Plan (COVID-19)  အစီအစဉ်နဲ့ တိုင်းဒေသကြီး/ ပြည်နယ်များမှာ ဈေးကွက်ဝင် အသက်မွေးဝမ်းကျောင်း ပညာကာလတို သင်တန်းများဖြစ်တဲ့ သုတေသနဆိုင်ရာ ကာလတိုသင်တန်း၊  စက်မှုလက်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာသင်တန်းနဲ့  ယွန်းပညာရပ် ဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာသင်တန်းတွေကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။  စုစုပေါင်း သင်တန်း(၃ဝဝ)ကြိမ်၊ သင်တန်းသား ၉ဝဝဝ ဦးကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။

မေး။ ။ကိုဗစ်-၁၉ ကာလအတွင်း MSME လုပ်ငန်းများ ထိခိုက်ခဲ့ရမှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး အခန်းကဏ္ဍအပေါ် မည်သို့အကျိုး သက်ရောက်မှုရှိနိုင်မလဲ သုံးသပ်ပေးစေလိုပါတယ်။

ဖြေ။ ။မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကာလအတွင်း MSME လုပ်ငန်းအများစု ထိခိုက်ခဲ့ရမှုကြောင့် မြန်မာနိုင်ငံရဲ့  စီးပွားရေး လုပ်ငန်းများ  ကျဆင်းခဲ့ရပါတယ်။ ဒီလို ထိခိုက်မှုများကို ကုစားနိုင်ဖို့အတွက် Covid -19 Economic Relief Plan (COVID-19)  အစီအစဉ်နဲ့    တိုင်းဒေသကြီး/ ပြည်နယ်များမှာ ဈေးကွက်ဝင် အသက်မွေးဝမ်းကျောင်း ပညာ ကာလတို သင်တန်းတွေ ဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ်။ ကျွန်မအမြင်တော့ အထူးသဖြင့် Tourismကဏ္ဍ စီးပွားရေး လုပ်ငန်းတွေမှာ ပိုမိုထိခိုက်မှုရှိခဲ့ကြောင်း သုံးသပ်မိပါတယ်။

မေး။ ။ မြန်မာနိုင်ငံအတွင်း MSME လုပ်ငန်းပေါင်း မည်မျှရှိပါသလဲ၊ ဘယ်လိုလုပ်ငန်းအမျိုးအစားများ ဖြစ်ပါသလဲ၊ အဲဒီ MSME လုပ်ငန်းများမှ ထွက်ရှိလာတဲ့  ထုတ်ကုန်များနဲ့ ပတ်သက်ပြီး  ဈေးကွက်ရရှိမှုအတွက် ဦးစီးဌာနအနေဖြင့် မည်သို့ ချိတ်ဆက် လုပ်ကိုင်ပေးပါသလဲ သိပါရစေ။

ဖြေ။  ။ကျွန်မတို့ မြန်မာနိုင်ငံအတွင်း MSME လုပ်ငန်းပေါင်း ဌာန၂ဝ၂၁ ခုနှစ် သြဂုတ် ၃၁ ရက်အထိ လုပ်ငန်းမှတ်ပုံတင်ထားတဲ့ လုပ်ငန်း အရေအတွက် စုစုပေါင်း ၂၆၅၉၇ ခု ရှိပါတယ်။ လုပ်ငန်းအမျိုးအစားများ အနေနဲ့ကတော့ အထက်မှာ ပြောခဲ့သလို ၁၃ မျိုး ရှိပါတယ်။  ဒီလုပ်ငန်းများ အတွက် Market Development ရရှိဖို့အတွက်   တိုင်းဒေသကြီး/ပြည်နယ်တွေမှာ အသေးစား စက်မှုလက်မှု ထုတ်ကုန်ပစ္စည်းပြပွဲ/ပြိုင်ပွဲများ နှစ်စဉ်ကျင်းပ ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ။အခုနောက်ဆုံးအနေနဲ့  MSME လုပ်ငန်းကို ယခုမှစ၍ လုပ်ကိုင်ကြမယ့်သူတွေကို ဘယ်လိုအကြံပြု စကားလေး  ပြောချင်ပါသလဲ ။

ဖြေ။ ။အသေးစား စက်မှုလက်မှုလုပ်ငန်း စတင်ဆောင်ရွက်လိုသူ (start up business) အတွက် လိုအပ်သော နည်းပညာ အကူအညီများ ပံ့ပိုးပေးခြင်းနဲ့ နိုင်ငံတစ်ဝန်း အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေဖို့အတွက်    ကျွန်မတို့ဦးစီးဌာနအနေနဲ့ အခုမှ MSME လုပ်ငန်းကို လုပ်ကိုင်ကြမယ့်သူတွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်လို့ ပြောလိုပါတယ်။   ။