မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် ပြောင်းလဲ တိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အကြီးအကဲများအား ရှင်းလင်းပြောကြား

 မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အကြီး အကဲများအား ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာ ခန်းမ၌ ကျင်းပသည်။

ရှင်းလင်းပွဲသို့   အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေး အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ရှိ ပြည်ပသံရုံးများမှ    သံအမတ်ကြီးများ၊ သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ   အကြီးအကဲများ တက်ရောက်ကြသည်။

ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးကိုကိုလှိုင်က   မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှု အခြေ အနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏  အကြံပေးအဖွဲ့ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ နိုင်ငံတော်၏ တာဝန်ကို လွှဲပြောင်းတာဝန် ယူဆောင်ရွက်နေမှု၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

 ရှင်းလင်းပွဲအပြီးတွင် တက်ရောက်လာကြသူများက ခန်းမအတွင်း ခင်းကျင်းပြသ ထားသည့်  လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက်များ၊ မဲစာရင်း လက်တွေ့ စစ်ဆေးချက်များနှင့် သိရှိနိုင်ရန်    လိုအပ်သည့် တွေ့ရှိချက် အထောက်အထားများ၊ သိမ်းဆည်းရမိသည့် ဆူပူအကြမ်းဖက်မှု လှုပ်ရှားမှုများတွင် အသုံးပြုသော ဒေသန္တရ လက်လုပ်ကိရိယာပစ္စည်းများ စသည်တို့ကို လိုက်လံကြည့်ရှုကြကြောင်း သိရသည်။