မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲခြေစစ်ပွဲ၌ လက်ဘနွန် အသင်းနုတ်ထွက်ခဲ့၍ အိမ်ရှင်အဖြစ် ကာဂျစ္စတန်နိုင်ငံ၌ ပြောင်းလဲကျင်းပမည်

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲခြေစစ်ပွဲ၌ လက်ဘနွန် အသင်းနုတ်ထွက်ခဲ့၍ အိမ်ရှင်အဖြစ် ကာဂျစ္စတန်နိုင်ငံ၌ ပြောင်းလဲကျင်းပမည်

ရန်ကုန်၊ ဘောလုံး

အာရှဘောလုံးအဖွဲ့ချုပ်က ၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲခြေစစ်ပွဲမှ  လက်ဘနွန်အသင်း နုတ်ထွက်သွားသည့် အတွက်    မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းပါဝင်သော အုပ်စု(ဃ)ပွဲစဉ်များကို ကာဂျစ္စတန်နိုင်ငံ၌ အောက်တိုဘာ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် အောက်တိုဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာ မည်ဖြစ်ကြောင်း သိရသည်။

အစောပိုင်းက အုပ်စု(ဃ)တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့်အတူ လက်ဘနွန်၊ ယူအေအီးနှင့် ဂူအန်အသင်းတို့ တစ်အုပ်စုတည်းကျရောက်နေပြီး လက်ဘနွန်နိုင်ငံက   အိမ်ရှင်အဖြစ်  လက်ခံကျင်းပခွင့်ရရှိထားကာ ပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပရမည်ဖြစ်သော်လည်း လက်ရှိတွင်  လက်ဘနွန်နိုင်ငံက အိမ်ရှင်အဖြစ် မကျင်းပနိုင်တော့ဘဲ ရုတ်တရက် နုတ်ထွက်ခဲ့သည့် အတွက် အာရှဘောလုံးအဖွဲ့ချုပ်က ကြားခံအိမ်ရှင်နိုင်ငံအဖြစ် ကာဂျစ္စတန်နိုင်ငံ၌ကျင်းပရန် ရွေးချယ်ခဲ့ပြီး  ပြိုင်ပွဲကိုလည်း  အောက်တိုဘာ  ၁၈  ရက်သို့   ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အနေဖြင့်လည်း နိုင်ငံတကာပြိုင်ပွဲများ မယှဉ်ပြိုင်ခဲ့ရသည်မှာ ကာလအတန်ကြာ မြင့်နေပြီ ဖြစ်ပြီး ယခုအခါ ၂၀၂၂ အာရှဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲပြန်လည်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ အသင်းနည်းပြချုပ် အဖြစ်  ဦးတင်မြင့်အောင်က  တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပဏာမကစားသမားများဖြင့် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ် နေပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ယူ-၁၆ နှင့် ယူ-၁၉ အမျိုးသမီးအသင်းတို့မှ  မျိုးဆက်သစ်ကစားသမားများ အပါအဝင်  ဝါရင့်ကစားသမားများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း သည် ၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအပြင် ဗီယက်နမ်နိုင်ငံ၌  အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကိုလည်း  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

STA