မြန်မာ့လက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှ ယူ-၂၀ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ကျင်းပရန် မသေချာသည့်အခြေအနေတွင်ရှိနေ

ရန်ကုန်၊ အားကစား

အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ၂၀၂၂ အာရှ ယူ-၂၀အမျိုးသမီးဘောလုံးပြိုင်ပွဲခြေစစ်ပွဲကိုလည်း COVID-19 ရောဂါ အခြေအနေကြောင့် ကျင်းပရန်  မသေချာသည့် အခြေအနေတွင်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်က အစောပိုင်းတွင် ၂၀၂၂ အာရှ ယူ-၂၀ အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲကို သြဂုတ် ၁၄ ရက်မှ ၂၂ ရက်အထိ၊ ဒုတိယ အဆင့်ခြေစစ်ပွဲကို နိုဝင်ဘာ ၃ ရက်မှ ၇ ရက်အထိ ကျင်းပရန်သတ်မှတ်ထားသည်။ အဆိုပါ ပြိုင်ပွဲခြေစစ်ပွဲအဆင့်ကို ပြိုင်ပွဲဝင်အသင်း ၃၀ က ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားပြီး အုပ်စုမဲခွဲပွဲကို မေ ၂၇ ရက်က ကျင်းပရန်စီစဉ်ထားသော်လည်း COVID-19 ရောဂါအခြေအနေကြောင့်ရွှေ့ဆိုင်းခဲ့ရပြီး မည်သည့်အချိန်တွင် ပြန်လည်ကျင်းပမည်ကို   မသိရှိရသေးကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲများကို သြစတြေးလျ၊  တရုတ်၊  တရုတ်(တိုင်ပေ)၊  လာအို၊ မွန်ဂိုလီးယား၊ မြန်မာ၊ စင်ကာပူနှင့် တာဂျစ်ကစ္စတန် နိုင်ငံတို့က အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိထား သည်။ အဆိုပါအသင်းများအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရရှိထားကြသော်လည်း လက်ရှိအချိန်ထိ COVID-19ရောဂါအခြေအနေကြောင့် ကျင်းပနိုင်ခြင်းရှိ၊ မရှိ မသိရှိရသေးဘဲ ပြန်လည်အတည်ပြုရမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းသည်လည်း ခြေစစ်ပွဲကျင်းပမည့်ကာလပေါ် မူတည် ၍ စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။                                

STA