မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂ဝ၂၂ ယူ-၂၃ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို ယခုနှစ်အောက်တိုဘာလအတွင်း ယှဉ်ပြိုင် ကစားမည်

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂ဝ၂၂ ယူ-၂၃ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို ယခုနှစ်အောက်တိုဘာလအတွင်း ယှဉ်ပြိုင် ကစားမည်

အာရှဘောလုံးအဖွဲ့ချုပ်က    ၂ဝ၂၂ ယူ-၂၃ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲအဆင့် တွင် မြောက်ကိုရီးယားအသင်း နုတ်ထွက်ခဲ့မှုကြောင့် ခြေစစ်ပွဲအဆင့် အုပ်စုခွဲဝေမှု များ  ပြန်လည်ပြုလုပ်ခဲ့ရာ  မြန်မာ့လက် ရွေးစင် ယူ-၂၃ အသင်း ပါဝင်ယှဉ်ပြိုင်မည့် ခြေစစ်ပွဲစဉ်များကို ယခုနှစ် အောက်တိုဘာ ၂၉  ရက်နှင့်  ၃၁  ရက်တို့တွင်  ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

အစောပိုင်းက ၂ဝ၂၂ ယူ-၂၃ အာရှ ဖလားပြိုင်ပွဲ    ခြေစစ်ပွဲအဆင့်အတွက် မဲခွဲမှုကို ဇူလိုင် ၉ ရက်က ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် အသင်းသည် အုပ်စု (ှု)  တွင် ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ ဟောင်ကောင်အသင်းတို့နှင့် တစ်အုပ်စု တည်းကျရောက်ခဲ့သော်လည်း ယခုအခါ ဟောင်ကောင် အသင်းသည် တခြားအုပ်စုတွင် ကစားရမည်ဖြစ်သည်။

၂ဝ၂၂  ယူ-၂၃   အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲအဆင့်ကို   အုပ်စုတစ်ခုချင်းစီ အလိုက် အိမ်ရှင်နိုင်ငံများ သတ်မှတ်ကျင်းပ မည်ဖြစ်ကာ  ကာတာ၊  တာဂျစ်ကစ္စတန်၊ ဘာရိန်း၊  ကူဝိတ်၊  ယူအေအီး၊  ဂျော်ဒန်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ တရုတ်(တိုင်ပေ) နှင့်  မွန်ဂိုလီးယားတို့က  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အုပ်စု (ု) မှ အိမ်ရှင်နိုင်ငံကို   ထပ်မံရွေးချယ်မည်ဖြစ် သည်။

အုပ်စုအဆင့်အတွက် ပြန်လည်ခွဲဝေမှု အပြီး အုပ်စု (A) တွင် ဆီးရီးယား၊ ကာတာ၊ သီရိလင်္ကာနှင့် ယီမင်အသင်း၊  အုပ်စု (B)တွင် အီရန်၊ တာဂျစ်ကစ္စတန်၊  လက်ဘနွန် နှင့်   နီပေါအသင်း၊     အုပ်စု (C)  တွင် အီရတ်၊ ဘာရိန်း၊ အာဖဂန်နစ္စတန်နှင့် မော်လ်ဒိုက်အသင်း၊  အုပ်စု (D)   တွင် ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်၊ ကူဝိတ် နှင့် ဥဇဘတ်ကစ္စတန်အသင်း၊ အုပ်စု (E) တွင် ယူအေအီး၊ အိုမန်၊ အိန္ဒိယနှင့် ကာဂျစ္စ တန်အသင်း၊ အုပ်စု (F) တွင် ဂျော်ဒန်၊ ပါလက်စတိုင်းနှင့် တာ့ခ်မင်နစ္စတန်အသင်း၊  အုပ်စု  (G) တွင် သြစတြေးလျ၊ တရုတ်၊ အင်ဒိုနီးရှားနှင့်  ဘရူနိုင်းအသင်း၊   အုပ်စု (H)  တွင် တောင်ကိုရီးယား၊  စင်ကာပူ၊ တီမောလက်စ်တေနှင့်  ဖိလစ်ပိုင်အသင်း၊ အုပ်စု (I) တွင် ဗီယက်နမ်၊  မြန်မာနှင့်  တရုတ်   (တိုင်ပေ)   အသင်းတို့ပါဝင်ပြီး      တရုတ်  (တိုင်ပေ)  က  အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်သည်။ အုပ်စု  (J)  တွင် ထိုင်း၊ မလေးရှား၊ လာအိုနှင့် မွန်ဂိုလီးယား အသင်း၊ အုပ်စု (K) တွင် ဟောင်ကောင်၊ ဂျပန်နှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်ပြီး  အိမ်ရှင်နိုင်ငံကို   ထပ်မံရွေးချယ်မည်ဖြစ် သည်။

၂ဝ၂၂ ယူ-၂၃ အာရှဖလားပြိုင်ပွဲ ခြေ စစ်ပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၃၁ ရက်အထိကျင်းပရန်   သတ်မှတ်ထားပြီး အုပ်စုတစ်ခုချင်းစီမှ    ပထမရရှိသည့်   အသင်း  ၁၁  သင်း၊  အကောင်းဆုံးအုပ်စု ဒုတိယနေရာ ရရှိသည့်အသင်း  လေးသင်း နှင့်   အိမ်ရှင်အဖြစ်   လက်ခံကျင်းပမည့် ဥဇဘတ်ကစ္စတန် အသင်း  စုစုပေါင်း  ၁၆ သင်းဖြင့် ၂ဝ၂၂ ယူ-၂၃ အာရှဖလားပြိုင်ပွဲ ကို ကျင်းပမည်ဖြစ်သည်။

ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းကို နည်းပြ ချုပ်   ပိုပေါ့က  တာဝန်ယူကိုင်တွယ်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်  ယူ-၂၃  အသင်း အနေဖြင့် ၂ဝ၂၂ ယူ-၂၃ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်များ အဖြစ်  အောက်တိုဘာ ၂၉ ရက်တွင် တရုတ်(တိုင်ပေ)အသင်းနှင့် လည်းကောင်း၊ အောက်တိုဘာ ၃၁ ရက် တွင် ဗီယက်နမ်အသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစား ရမည်ဖြစ်ကြောင်း    သိရသည်။