မြန်မာ့သနပ်ခါးကို ဆေးဝါးများအဖြစ် ထုတ်လုပ်ကာ တိုင်းရင်းဆေးဝါး မှတ်ပုံတင်ပြီး တရားဝင် ရောင်းချနိုင်ရန် စီစဉ်

မြန်မာ့သနပ်ခါးသည်  အသားအရေ အတွက် လိမ်းခြယ်နိုင်ရုံသာမက ဆေးဖက်ဝင်သည့်    အပင်တစ်မျိုးလည်း ဖြစ်သောကြောင့် ဆေးဝါးများအဖြစ် ထုတ်လုပ်ကာ တိုင်းရင်းဆေးဝါး မှတ်ပုံတင်ပြီး တရားဝင် ရောင်းချနိုင်ရန်  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း   မြန်မာနိုင်ငံ  သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးကျော်မိုး၏ ပြောပြချက်အရ သိရ သည်။

လက်ရှိတွင် မြန်မာ့သနပ်ခါးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်    သနပ်ခါးအရည်၊ သဘာဝသနပ်ခါးအနှစ်၊  သနပ်ခါးမြစ်အခေါက်မှုန့်၊ သနပ်ခါးမျက်နှာသစ်ဆပ်ပြာ၊ သနပ်ခါးနံ့သာခေါင်းအုံးနှင့် တခြားတန်ဖိုးမြှင့် ထုတ်ကုန်တချို့   ထုတ်လုပ်ရောင်းချ လျက်ရှိသည်။

ယခုအခါ    သဘာဝသနပ်ခါးမြစ်၏ အခေါက်ကိုကြိတ်ကာ ထုတ်လုပ်ထားသော ဆီးချို၊   သွေးချိုပျောက်ဆေး တစ်မျိုးကို ပြည်တွင်း၌ အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်ပြီး ယင်းဆေးသည် ခွဲစိတ်ထားသော လူနာများအတွက်လည်း   ချုပ်ရိုးအမြန် ကျက်လွယ်စေသည်။ ယင်းဆေးကို ဈေးကွက်အတွင်း   တရားဝင် ရောင်းချနိုင်ရန် တိုင်းရင်းဆေးဝါး မှတ်ပုံတင်ပြီး  ဆောင်ရွက်မည်ဖြစ်သည်။

ထို့ပြင် မြန်မာ့သနပ်ခါးနှင့် ပတ်သက်ပြီး တန်ဖိုးမြှင့် ထုတ်ကုန် အမြောက်အမြား ထုတ်လုပ်နိုင်စေရန်၊ သဘာဝသနပ်ခါးဖြင့် တိုင်းရင်းဆေးအမယ် များစွာ  ထုတ်လုပ်ရောင်းချနိုင်စေရန်နှင့်    သနပ်ခါးအရွက်မှ တိုင်းရင်းဆေးဝါးများ ထုတ်လုပ်နိုင်ရန်  သက်ဆိုင်ရာ  ကျွမ်းကျင်ပညာရှင်များနှင့်   ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။