မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

နေပြည်တော်   ဇွန်   ၈

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့သည် တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ကျင်းပသည့် အာဆီယံ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေးနှင့် (၅)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများ ကာလအတွင်း  သီးခြားဆွေးနွေးပွဲအဖြစ် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် Wanda Realm Chongqing ဟိုတယ်  Sunac Centro Hall ခန်းမ၌   တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်စီမံကိန်းများကို  ဆက်လက်အကောင်အထည် ဖော်သွားရေး၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် မြန်မာပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်   ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးစသည့်ကိစ္စရပ်များကို ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ဆက်လက်၍ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။ အာဆီယံ၏ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်

စွက်ဖက်မှုမပြုရေးမူဝါဒနှင့် အာဆီယံ နည်းလမ်းတို့နှင့်အညီ မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုများကို တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက် ထောက်ပံ့ရေးကိုလည်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေ၊ မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅) ရပ်တို့၏ တိုးတက်မှုများကိုလည်း အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။