မြိတ်မြို့နှင့် ကော့သောင်းမြို့တို့၌ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူများအား ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၉

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ Facebook  လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသား၍ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လာအောင် စည်းရုံးလှုံ့ဆော်နေသူများ၊ CDMနှင့် CRPH ကို ထောက်ခံအားပေး၍ ပါဝင်လာအောင် စည်းရုံးနေသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သတင်းဖော်ထုတ် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်  ၆ နာရီ ၅ဝ မိနစ်ခန့်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ကြေးနန်းတိုင်တံတား၌ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်လှစ် ထားရှိသည့် မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်သူ ဒေါက်တာမင်းထက်ပိုင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းနှင့်အတူ CDMလှုပ်ရှားမှုများတွင် ပါဝင်ကူညီ လုပ်ဆောင်ခြင်း၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခဲ့သူ စည်သူဝင်း(ဘ)ဦးစိန်ဝင်းကိုပါ ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်း ပြည်သူလူထုနှင့် အစိုးရဝန်ထမ်းများအား ဆူပူအကြမ်းဖက်မှုများ ပါဝင်လာအောင် စည်းရုံးခြင်း၊ CDMလှုပ်ရှားမှုများတွင် ပါဝင်လာအောင် စည်းရုံးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည့် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ မဟာဗန္ဓုလလမ်းတွင် နေထိုင်သည့် ဇင်မာဝင်း (ခ)စုစုချောအား ဧပြီ ၈ ရက်နေ့တွင် ၎င်း၏ နေအိမ်၌ ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ ဖမ်းဆီး ထိန်းသိမ်းထားသူများအား  ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းများမှ   လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။