မြို့နယ်အချို့တို့၌ ဆူပူအကြမ်းဖက်မှုများဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၂၅

 တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ပြည်သူများနှင့် ပူးပေါင်း၍ ဆူပူအကြမ်းဖက် သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများကို စစ်ဆေးရှာဖွေခြင်း၊ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၂၄ ရက် ည ၉ နာရီခန့်တွင် တောင်ကြီးမြို့၊ ရှုခင်းသာပန်းခြံဘက်မှ အနောက်မြို့ပတ်လမ်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ စိုးမိုးအောင်(ခ)စည်သူထွေး (ဘ)ဦးကံထူးအား ၎င်းဆိုင်ကယ်တူးဘောက်အတွင်းမှ လက်လုပ်ယမ်းထုတ် ၇ ထုပ်၊ ယမ်းစေ့မှုန့် ၁ ထုပ်နှင့်လည်းကောင်း၊  တောင်ကြီးမြို့၊ ကန်သာယာရပ်ကွက် ၊ မေတ္တာရှင်လမ်းနှင့် ရွှေပြည်အေးလမ်းဆုံ၌ ဆူပူအကြမ်းဖက်သူများက အတားအဆီးများပြုလုပ်နေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖယ်ရှားပေးစဉ် ဆူပူအကြမ်းဖက်သူ အင်အား ၇၀၀ ဦးခန့်က တုတ်၊ ဒိုင်း၊ ဓားရှည်၊ လေးခွ၊ ဂျင်ကလိများဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်ဖြိုခွဲရေးလုပ်ငန်းစဉ် အဆင့်ဆင့်တိုင်း လူစုခွဲဆောင်ရွက်ခဲ့ရပြီး ဆူပူအကြမ်းဖက်သူများအနက် အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၂ ဦးတို့အား မီးစာတပ်ဆီပုလင်း ၁၂၀ လုံး၊ ဓားမျိုးစုံ ၁၀ ချောင်း၊ ယမ်းကြိုးတပ်ပြီးလက်လုပ်မိုင်း ၂၈ ခု၊ ဂျင်ကလိ ၁၆ ချောင်း၊ ထိခိုက်ဒဏ်ရာရရှိစေနိုင်မည့် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ တိုးချဲ့ကွက်သစ်၌ ဇော်မျိုးဝင်း(ဘ) ဦးသိန်းအောင်ကို သံဘောစေ့ဖြင့်ပစ်ခတ်ရသည့် လေသေနတ် ၄ လက်၊  ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ ကန္ဒရ၀တီလမ်း၊ အမှတ်(မ/၁၆၄)၌ ကျော်ပိုင်ဖြိုး(ဘ) ဦးလှမြင့်အား လေသေနတ် ၂ လက်၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ မင်္ဂလာရပ်ကွက်၊ ကန္ဒရ၀တီလမ်း၊ အမှတ်(၁၅၁)နေ ဇော်မိုးအောင် (ဘ)ဦးသောင်းစိန်၏ထွက်ဆိုချက်အရ လောဓမ္မရပ်ကွက်ရှိ ပရိဘောဂဆိုင်အတွင်းမှ လေသေနတ် ၁ လက်အားလည်းကောင်း၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ကယန်းသာယာ(တောင်)ကျေးရွာနေသူ ဂျိုဝါးနီ(ဘ)ဦးဟိုက်အား ပွိုင့်- ၂၂ ကျည်ဖြင့် ပစ်ခတ်၍ရသောလုပ်သေနတ် ၂ လက်၊ လေသေနတ် ၂ လက်၊ ဓား ၂ ချောင်း၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။

 အလားတူ ယနေ့နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ မဲဘောင်လမ်းဆုံအနီး၌ ဆူပူအကြမ်းဖက်လူစုလူဝေးအင်အား ၂၅၀ ဦးခန့်သည်အတားအဆီး များပိတ်ဆို့ ဆန္ဒပြနေကြောင်း သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင် များက ဖြိုခွဲထိန်းသိမ်းရန် သွားရောက်စဉ် ဆူပူအကြမ်းဖက်လူစုလူဝေးများက လက်လုပ်ဗုံး၊ လက်လုပ်သေနတ်၊ မီးရှူးမီးပန်း၊ ဗျောက်အိုး၊ လေးခွ၊ အုတ်ခဲများဖြင့် စတင် အကြမ်းဖက် ရန်ပြုတိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ဖြိုခွဲရာ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် လူစုကွဲသွားသဖြင့် အတားအဆီး များအားဖယ်ရှားရှင်းလင်းစဉ် လက်လုပ်သေနတ် ၁၀ လက်၊ လက်လုပ်အသံမိုင်း ၃ လုံး၊ မီးရှူးမီးပန်း ၃၂ ခု၊  ဖန်ဂေါ်လီလုံး ၈၀၀ လုံး၊ သုံးမြှောင့်ပုံသံဆူး ၁၅ ခုနှင့် အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွက်၊ (၈)လမ်းနေ ဝေယံဌေး(ခ)ဝေယံ(ဘ)ဦးကျော်နိုင်၏ နေအိမ်၌ ၎င်းအပါအဝင် အမျိုးသား ၃ ဦးအား ဂက်(စ်)သေနတ် ၁ လက်၊ ဆက်စပ် ပစ္စည်းများနှင့်လည်းကောင်း၊ သံဘောစိ ၁၀၀ လုံးပါသံဘူး ၂ ဘူး၊ သံ ဘောစိကြီး ၂ လုံး၊ ဓာတ်ငွေ့ကာမျက်နှာဖုံး ၃ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်တို့ဖြင့်လည်းကောင်း၊  ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်း၊ အိမ်အမှတ်(၅၀၃)၊ အောင်စိုးနေအိမ်၌  ၎င်းအပါအဝင် အမျိုးသား၄ ဦးအား ဒေသန္တရလက်လုပ်မိုင်း ၇ လုံး၊ ဗြောက်အိုးအတွဲ ၇၀ ခု၊ ဆက်စပ်ပစ္စည်းများ နှင့်လည်းကောင်း၊ ကော့သောင်းမြို့၊ ရွေပြည်သာရပ်ကွက်၊ ALP  ငြိမ်းချမ်းရေးပိုင်ကွက်သစ်၊ (၅)ခန်းတွဲ တန်းလျား၌ အိမ်ငှားနေထိုင်သူ ဝင်းနိုင်အပါအဝင် အမျိုးသား ၃ ဦးအား ဓား ၂ လက်၊ ဘိန်းစာမှုန့်(၁၀၀)ဂရမ်ပါ ၂၇၀ ထုပ်တို့နှင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

ထို့အပြင် မတ် ၂၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင်ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၆)ရပ်ကွက်၊ ကုန်းဘောင်(၁၁)လမ်း၊ အိမ်အမှတ်(၈၂၃/က)၌  ဦးချစ်(ခ) ဦးစိုးလှိုင်(ဘ)ဦးကျော်သိန်း၊ ဦးသိန်းညွန့်(ခ)ဦးသံဒိုး (ဘ)ဦးဝင်းရွှေတို့အား ကြွေးကြော်သံများ ရေးသားထားသည့် စာရွက် ၁၉ ရွက်၊ ပိုစတာ ၁ ခု၊ မီးစာကြိုး ၃၀ ချောင်းပါ ၁ ထုပ်၊ အက်စစ်ဘူး ၂ ဘူးတို့နှင့်လည်းကောင်း၊ အိမ်အမှတ်(၈၂၀)၌ လူနေထိုင်းခြင်းမရှိသည့် အိမ်အား ဆက်လက်ရှာဖွေရာ ဒိုင်းမျိုးစုံ ၄၂ ခု၊ မီးစာတပ်ထားသည့် ဓာတ်ဆီပုလင်း ၃၀ လုံးတို့အားလည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အောင်သဇင်ဓမ္မာရုံသို့ ယနေ့နံနက် ၉ နာရီခန့်တွင် သွားရောက် ရှာဖွေစစ်ဆေးရာ ရဲလင်းထက်(ဘ)ဦးအောင်လင်း အပါအဝင် အမျိုးသား ၅ ဦးအားဂျင်ကလိ ၅၀ ချောင်း၊ ကျည်ကာအင်္ကျီ ၅ ထည်၊ လက်လုပ်ဗုံး ၅ လုံး၊ ဓား ၂ ချောင်း၊ ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ၊ ဂန္ဓမာ(၇)လမ်း၊ အိမ်အမှတ်(၆/၇)၊ တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်သန္တာမိုး နေအိမ်၌ ခဲအိုဖြစ်သူ ဦးစည်သူဝင်းအား နံပါတ်တုတ် ၁ ချောင်း၊ ဂျင်ကလိ ၁၄ ချောင်း၊ အခြားအန္တရာယ်ဖြစ်စေ နိုင်သည့်ပစ္စည်းများနှင့် လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့၊ ရန်ကုန်သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ သောကြာဆွမ်းလောင်းအသင်းဓမ္မာရုံ၌ မျိုးလွင်(ဘ)ဦးတင်ငွေ၊ အောင်ကျော်ဦး(ဘ)ဦးငွေလှိုင်၊ အောင်ဖြိုး(ဘ)ဦးချစ်လှိုင်၊ သီဟနိုင်(ဘ)ဦးကိုဌေးနှင့် ထွန်းနိုင်ဝင်း(ဘ)ဦးကြည်ဝင်း ၅ ဦးတို့အား ဂက်(စ်)သေနတ် ၅ လက်၊ လက်လုပ်ဗုံးသီး ၁၆ လုံး၊ မီးစာကြိုးတပ် ဓာတ်ဆီပုလင်းမျိုးစုံ ၁၁၁ လုံး၊ လေးမြှောင့်ဆူးချွန် ၂၂၀ ခု၊ ဂျင်ကလိမျိုးစုံ ၉၀ ချောင်း၊ ဓားမျိုးစုံ ၁၁ ချောင်း၊ ကာပိုက်ယမ်းအထုပ်ငယ် ၂၂၀ ထုပ်၊ ဆက်စပ်ပစ္စည်း များနှင့်လည်းကောင်း၊ ဘုရင့်နောင်လမ်းအတွင်းရပ်တန့်ထားသော YGN ၄ီ-၈၂၉၆ SURF  အနက်ရောင်ယာဉ်ပေါ်မှ လက်လုပ်သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းတို့အားလည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

ထို့အပြင် နံနက် ၅ နာရီခွဲခန့်တွင် သာပေါင်းမြို့၊ ဘုရားကုန်း ကျေးရွာအနောက်ဘက် ဒေသအခေါ်(ဝင်းဦးကုန်း)နေရာ၌ လက်လုပ်သေနတ် ၁ လက်အားလည်းကောင်း၊ မအူပင်မြို့နယ်၊ ပံတပွတ်အုပ်စု၊ မရမ်းကွေ့ကျေးရွာရှိ အေးကျော်(ဘ) ဦးချစ်သိန်းအား  မတ် ၂၄ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် လေသေနတ် ၂ လက်ဖြင့်လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် အိမ်မဲမြို့နယ်၊ ရှမ်းကွင်းကျေးရွာအုပ်စု၊ ကုန်းစုကျေးရွာနေ ပေါ်ကာ(ခ)ကျော်မြင့်(ဘ)ဦးမောင်အေးနှင့် စံကျော်(ဘ)ဦးမောင်ညွန့်တို့ နှစ်ဦးအား ဂျင်ကလိပစ်လေးခွ ၁ လက်၊ ဂျင်ကလိ ၂၂ ချောင်း၊ ဓား ၂ ချောင်း၊ မှိန်း ၂ ချောင်း၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ပုသိမ်မြို့၊ အမှတ်(၈) ရပ်ကွက်၊ တကောင်းဘုရားလမ်း၊ ကျောက်ငရင်ကုန်းလမ်းကြားနေ ခင်ဝင်း(ဘ) ဦးသိန်းအား သံချွန် ၅ ချောင်း၊ ဂျင်ကလိ ၆၄ ချောင်း၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ညောင်တုန်းမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဇွဲသတ္တိလမ်းသွယ်ရှိ နေဝင်းထွန်း(ဘ)ဦးတင်ငြိမ်းနှင့် စောသန်းအောင်(ဘ)ဦးမောင်သန်းတို့၏ နေအိမ်များ၌ လေသေနတ် ၁ လက်၊ ဂျင်ကလိ ၂၄ ချောင်း၊ ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

၎င်းအပြင် ဂန့်ဂေါမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကန်ကျေးရွာ၌ ဦးတင်ကိုအား လက်လုပ်သေနတ် ၁ လက်၊ ဆက်စပ်ပစ္စည်းများ ဖြင့် လည်းကောင်း၊ ခင်ဦးမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဗိုလ်ချုပ်ကြေးရုပ်အနီး ခင်ဦး- ရွှေဘိုသွားကားလမ်းမပေါ်၌ ဆူပူအကြမ်းဖက်သူများအနက် အမျိုးသား ၁၄ ဦးအား လေသေနတ် ၄ လက်၊ လက်လုပ်မိုင်း ၁၂ လုံး၊ ဓာတ်ဆီပုလင်း ၃၄ လုံး၊ ဓာတ်ဆီ/ဓီဇယ် ၇ ဂါလန် ၁ ပုံး၊ မီးတုတ် ၄ ချောင်း၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် ကျွန်းခုံသာကျေးရွာအဝင် ဂန့်ဂေါ- ကလေးသွားကားလမ်း ဘေးရှိ တဲ ၂ လုံးအတွင်းမှ သန်းဦး(ဘ)ဦးစံတုတ်အား လက်လုပ်သေနတ်  ၁ လက်၊ ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ပျော်ဘွယ်မြို့နယ်၊ မင်းလမ်းရွာရှိ ဦးရီး(ဘ)ဦးတင်ရွှေအား ဓားရှည် ၁၀၃ လက်နှင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

အထက်ပါ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်နှင့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို လိုအပ်သည်များစစ်ဆေးနိုင်ရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။