မြို့နယ်အချို့တို့၌ တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့လာရောက်အပ်နှံ

 

မြို့နယ်အချို့တို့၌ တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့လာရောက်အပ်နှံ

နေပြည်တော်၊ မတ် - ၂၆
    
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ရေဖြူမြို့နယ်များရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များကိုင်ဆောင်နေကြောင်း သတင်းအရ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင်လက်နက် ကိုင်ဆောင်ခြင်းသည် တရားဥပဒေဖြင့်ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြားသည်။
    
ယင်းသို့ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည်သဘော ပေါက်ကာ တူမီးသေနတ် ၁၂၄ လက်၊ လက်လုပ်သေနတ် ၇၄ လက်၊ လေးခွ ၁၇ လက်၊ ခဲသီး ၉၈ လုံး၊ မှိန်း ၂ ချောင်း၊ တူမီးအစပျိုးယမ်း ၁၉ ခုတို့အား ၎င်းင်းတို့သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက်အပ်နှံခဲ့ကြကြောင်းသိရှိရသည်။
    
အလားတူ ယနေ့နံနက်ပိုင်းတွင်း ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ခွေးကုတ်ကျေးရွာအုပ်စုနှင့် ရွှေညောင်ပင်ကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူများက လက်လုပ်သေနတ် ၁၄ လက်၊ လေသေနတ် ၂ လက်၊ အခြားဆက်စပ် ပစ္စည်းများအား ၎င်းတို့သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက်အပ်နှံခဲ့ကြောင်းသိရှိရသည်။
    
ထို့အပြင် ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာအုပ်စု၊ နန်းဟတ်ကျေးရွာနေဒေသခံပြည်သူများက တူမီးသေနတ် ၂ လက်နှင့် ပြောင်းအပို ၁ ခုတို့အား ၎င်းတို့သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက်အပ်နှံခဲ့ကြကြောင်းသတင်းရရှိသည်။