မြို့နယ်အချို့တို့၌ တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့လာရောက်အပ်နှံ

 

မြို့နယ်အချို့တို့၌ တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့လာရောက်အပ်နှံ

နေပြည်တော်၊ မတ် - ၂၇
    
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ပုလောမြို့နယ်၊ ရေဖြူမြို့နယ်၊ လောင်းလုံး မြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်များရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များကိုင်ဆောင်နေကြောင်း သတင်းအရ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင်လက်နက် ကိုင်ဆောင်ခြင်းသည် တရားဥပဒေဖြင့် ထိရောက် စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားသည်။
    
ယင်းသို့ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည်သဘော ပေါက်ကာ တူမီးသေနတ် ၁၁၄ လက်၊ လက်လုပ်သေနတ် ၁၄၁ လက်၊ ဂျင်ကလိ ၆ ချောင်း၊ နှင့် အခြားအန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများအား ၎င်းတို့သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက် အပ်နှံခဲ့ကြကြောင်းသိရှိရသည်။
    
အလားတူ မတ်၂၆ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သက်နှင်းအင်းကျေးရွာ၊ အောင်ဇေယျစံပြရပ်ကွက်၊ ကံဦးကျေးရွာ၊ သာယာဝှမ်းကျေးရွာ၊ မွန်းတည့်ခွင်(တောင်)ကျေးရွာနှင့် ကျည်ထောင်ကန်ကျေးရွာတို့မှ ဒေသခံပြည်သူများက လက်လုပ်သေနတ် ၁၆ လက်၊ ဒူးလေး ၁ လက်၊ ဂျင်ကလိ ၂ ချောင်းနှင့် အခြားဆက်စပ်ပစ္စည်း များအား ၎င်းတို့သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက် အပ်နှံခဲ့ကြကြောင်း သတင်းရရှိသည်။