မြို့နယ်အချို့၌ ဆူပူဆန္ဒပြမှု ဖြစ်စဉ်များအား ဖြိုခွဲထိန်းသိမ်းမှု

နေပြည်တော်၊ ဧပြီလ ၂၄

    ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ သီရိမြိုင် ဓမ္မာရုံအနီး၌ အင်အား ၈ ဦးခန့်သည် ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်လူစုခွဲခဲ့ပြီး အဆိုပါ လူအုပ်စုအတွင်းမှ အမှတ်(၁၃)ရပ်ကွက်နေ ကျော်ဇောဟိန်း(၂၀)နှစ်၊ (ဘ)ဦးကိုကိုမောင်နှင့် အောင်ကောင်းစံ(၁၄)နှစ်၊ (ဘ)ဦးထွန်းထွန်းဦးတို့ ၂ ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

    အလားတူ ဧပြီလ ၂၄ ရက်နေ့ နံနက် ၂၀ မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူ မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဓနုသင်္ခါလမ်း၊ အနောက်ပိုင်းဓမ္မာရုံအနီး၌ ဦးဆောင်သူ(စိစစ်ဆဲ) အင်အား ၂၀၀ ဦးခန့်သည် ဆူပူဆန္ဒပြရန် စုဝေးနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ အင်အားသုံးလူစုခွဲခဲ့ရာ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင်  လူစုကွဲသွားခဲ့ပြီး အဆိုပါ လူအုပ်စုအတွင်းမှ အမှတ်(၁၂)ရပ်ကွက်နေ စိုးဝင်း(၄၂)နှစ်၊ (ဘ)ဦးလှမောင်ပါ အမျိုးသား ၂ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်း သိရသည်။

    အလားတူ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ သံလျှပ်မှော်(အနောက်)ရပ်ကွက်၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြား၊ နွားသတ်ရုံအနီးတွင် ဦးဆောင်သူ(စိစစ်ဆဲ) အနက်ရောင်များ ဝတ်ဆင်ထားသော ဆူပူအကြမ်းဖက်သူအင်အား ၃၀ ဦးခန့် သည် ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်လူစုခွဲခဲ့ရာ အဆိုပါ လူအုပ်စုအတွင်းမှ အမျိုးသား ၁ ဦးက လုံခြုံရေး တပ်ဖွဲ့ဝင်ထံမှ သေနတ်အားလုယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်ရိုက်နှက် အကြမ်းဖက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ခြောက်လှန့်ပစ်ခတ်လူစု ခွဲခဲ့ရာ နံနက် ၉ နာရီခွဲအချိန်တွင် လူစုကွဲသွားခဲ့ပြီး အဆိုပါ လူအုပ်စုအတွင်းမှ ရဲလင်းထွန်း(၃၉)နှစ်၊ (ဘ)ဦးကျော်မြိုင်ပါ အမျိုးသား ၂ ဦးအား လက်လုပ် သေနတ် ၂ လက်၊ လက်လုပ်ဗုံး ၄ လုံး၊ လက်လုပ်မိုင်း ၆ လုံး၊ ဗျောက်အိုးကြီး ၆ လုံး၊ လေးခွ ၂ လက်၊ ဂျင်ကလိ ၅ ချောင်း၊ ဖန်ဂေါ်လီ ၃၀ လုံး၊ မီးရှူးမီးပန်း ၅ ချောင်း၊ ကျည်ကာအင်္ကျီ ၁ ထည်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၁၀ နာရီခွဲအချိန်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ်၊ ဘုရား သုံးဆူမြို့၊ ကရင်စုကျေးရွာမှ ဦးဆောင်သူ(စိစစ်ဆဲ)အင်အား ၄၀ ဦးခန့်သည် ဆိုင်ကယ် ၃၀ စီးခန့်ဖြင့် ဘုရားသုံးဆူမြို့အတွင်းသို့ ဆူပူအော်ဟစ်ကာ စီတန်း လှည့်လည်နေကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံး လူစုခွဲခဲ့ပြီး အဆိုပါ လူအုပ်စုအတွင်းမှ ညီညီအောင်(ခ)ကရင်(၄၀)နှစ်၊ (ဘ) ဦးသောင်းဆင့်ပါ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား လေးခွ ၃ လက်၊ ကုန်းသီး ၄ လုံး၊ လောက်စာလုံး ၂၂ လုံး၊ ဖန်ဂေါ်လီ ၉ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူများ အတွင်းမှ အမျိုးသမီး ၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လိုအပ်သော ဆေးဝါး ကုသ မှုခံယူနိုင်ရေး ဘုရားသုံးဆူ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။