မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ပစ္စည်း၊ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့် အတူ ဆက်လက်ဖော်ထုတ် ဖမ်းဆီး

နေပြည်တော်၊ မေ - ၃

    လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးလျက်ရှိပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်၊ မေလ၂ရက်နေ့ နံနက် ၃ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာရှိ တီဘီရောဂါအထူးကု ဆေးရုံဝန်ထမ်း အိမ်ရာတိုက်အမှတ်(A)၊ အခန်း(၁)နေ ဒေါက်တာရဲဟိန်းအောင်(၂၉)နှစ်(ဘ)ဦးကိုကိုကြီးနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်နှင်းဝေလှိုင်(သူနာပြု)(၃၃)နှစ် (ဘ)ဦးစိုင်းမောင်အေးတို့၏ တိုက်ခန်းအတွင်းမှ ၎င်းတို့ ၂ ဦးနှင့်အတူ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ဓားရှည် ၁ ချောင်း၊ သံတုတ် ၁ ချောင်း၊ လှံ ၁ ချောင်း၊ ဂျင်ကလိ၁၄ချောင်း၊ လေးခွ၁လက်၊ ကျည်ကာအင်္ကျီ၁ထည်၊ စတီးဘောစေ့၂၈၀လုံးနှင့် အခြား ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ အလားတူနံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၉ လမ်းနှင့် ၁၀လမ်းကြား၊၈၈လမ်းနှင့် ၉၀ လမ်းကြားနေ ဇင်မျိုးထွန်း(၂၀)နှစ် (ဖ)ဦးကံချွန်၏ နေအိမ်အတွင်းမှ ဇင်မျိုးထွန်းအား လက်လုပ် သေနတ်၂လက်နှင့် လည်းကောင်း၊ အလားတူနံနက် ၄ နာရီခွဲအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ (ဇ)ရပ်ကွက်နေစိန်ဌေး(၄၃)နှစ် (ဘ)ဦးကျောက်ဖြူ၏နေအိမ်အတွင်းမှ စိန်ဌေးအား ဆူပူအကြမ်းဖက် မှုလုပ်ရပ်များတွင် အသုံးပြုသည့် ကျည်ကာဝတ်စုံ ၃ စုံ၊ ဦးထုပ် ၃ လုံး၊ စစ်ဖိနပ်၁ရံ၊ လေးခွ၁လက်၊ ကုန်းသီး၇လုံး၊ ကျောက်ပေသီး၁၀လုံး၊ ယမ်းမှုန့်၁ထုပ်၊ ယမ်းမီးခြစ်၅ခု၊ အခြားဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    အလားတူနံနက် ၄ နာရီ ၄၀ မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ ဇီးအုပ် ကွက်သစ်နေ သူရိန်ထွန်း(ခ)သူရိန်ဦး(၂၄)နှစ်(ဘ)ဦးမောင်မောင်၏ နေအိမ် အတွင်းမှ သူရိန်ထွန်း (ခ)သူရိန်ဦးအား လက်လုပ်သေနတ် ၂ လက်၊ လေးဂွ ၂ လက်၊ ဓား ၃ ချောင်း၊ နှစ်ဖက်ချွန်သံပြား ၁ ခု၊ သံဆူးချွန် ၄၀ ချောင်း၊ ဓာတ်ဆီပုလင်း ၁ လုံး၊ ဂတ်စ်ဘူး ၁ ဘူး၊ အနက်ရောင်ဝတ်စုံ ၁ စုံ၊ ဦးထုပ် ၁ လုံးတို့နှင့် လည်းကောင်း၊ အလားတူနံနက် ၇ နာရီခွဲအချိန်တွင် ချမ်းအေးသာစံမြို့နယ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် များက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် လှည့်ကင်း ဆောင်ရွက်နေစဉ် အောင်မြေသာစံမြို့နယ်၊ ၈၃ လမ်းနှင့် ၈၄ လမ်းကြားနေ ကောင်းထက်ကျော်(၁၉)နှစ် (ဘ)ဦးမြတ်ကျော်ပါ အမျိုးသား၂ဦး စီးနင်းလာသော ဆိုင်ကယ်အတွင်းမှ လက်လုပ်မိုင်း ၂ လုံး၊ ဗြောက်အိုး၃လုံးတို့အား လည်းကောင်း၊     အလားတူနံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက လှည့်ကင်း ဆောင်ရွက်နေစဉ်  ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်နေ လင်းကိုကို(၁၉)နှစ် (ဘ)ဦးဘိုလင်းပါ အမျိုးသား၄ဦးအားစစ်ဆေးခဲ့ရာ လင်းကိုကို လွယ်ထားသော ဘေးလွယ် အိတ် အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်လုပ်မိုင်း ၃ လုံး၊ လေးခွ ၁ လက်၊ ဖန်ပေသီး ၂၀ လုံး၊ ဖုန်း ၄ လုံး၊ အင်္ကျီ၁ထည်တို့အား လည်းကောင်း၊ ပြင်ဦးလွင်မြို့ရှောင်လမ်း စစ်ဆေးရေးဂိတ်၌ ညိုလုံး(ဘ)ဦးမြသန်းမောင်နှင်ပြီး အောင်ကျော်ဝင်း(ဘ) ဦးထွန်းရင် စီးနင်းလိုက်ပါလာသည့် Yutong ခရီးသည်တင်ယာဉ်အမျိုးအစား မော်တော်ယာဉ်အမှတ်၊ SHN- 4G/--ယာဉ်အား ရပ်တန့်စစ်ဆေးရာ ၎င်းယာဉ်ပေါ်မှ မြှား ၂၄၀ ချောင်း၊ ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

   အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းအနီး၌ ဆူပူ အကြမ်းဖက်သူ ၁၃ ဦးအား လည်းကောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် သီပေါမြို့၊ အုတ်ကျင်းရပ်ကွက်၊ မဟာမြတ်မုနိ ဘုရားကြီးအနီး၌ ဆူပူ အကြမ်းဖက်သူ ၁၈ ဦးအား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လည်းကောင်း၊ မွန်းလွဲ ၁ နာရီခွဲခန့်တွင် နောင်ချိုမြို့၊ တောင်ရပ်ကွက်၊ ညဈေးတန်း လမ်းအနီး၌ ဆူပူအကြမ်းဖက်သူ ၁၉ ဦးအား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၊ ဈေးရှေ့ ရပ်ကွက်ရှိ မျိုးကိုကို(ဘ) ဦးဇော်ဝမ်းအား ၎င်း၏နေအိမ်၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လည်းကောင်း၊ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဖယ်ခုံမြို့မရဲစခန်းမှ လူသတ်မှုဖြင့် အလိုရှိသည့် တရားခံဖြစ်သော မြို့ကုန်းရပ်ကွက်နေ ဇော်ဦး(၃၂)နှစ်(ဖ)ဦးတင်ငွေ၏ နေအိမ်အား ဝင်ရောက်ရှာဖွေ ခဲ့ရာ ၎င်းအားမတွေ့ရှိရဘဲ ၎င်းနေအိမ်အတွင်းမှ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုသည့် လက်လုပ်မိုင်း ၂ လုံး၊ နေအိမ်ခြံဝင်းအတွင်းမှ ဒူးလေး ၂ လက်၊ ဂျင်ကလိ ၅ ချောင်း၊ လက်လုပ်သေနတ်ကိုယ်ထည် ၁ ခု၊ လက်လုပ်သေနတ် ၁ လက်၊ ကင်ဒိုဓါး ၁ လက်၊ လက်လုပ် သေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။

    အလားတူမွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း (၂)ရပ်ကွက်၊ (၁၉)လမ်းရှိ ပိုင်ရှင်(စိစစ်ဆဲ) လူနေ ထိုင်ခြင်း မရှိသည့် အိမ်အမှတ် (၁၅/၆၈၁)၌ ဖောက်ခွဲဖျက်ဆီးရေး များ လုပ်ဆောင်နေသူ ပျဉ်းမနားမြို့၊ ဘောဂဝတီရပ်ကွက်နေ ရန်ငြိမ်းပိုင်(ခ) ရန်ပိုင် (၂၉)နှစ် (ဘ) ဦးမြစန်း ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ ရန်ငြိမ်းပိုင်(ခ)ရန်ပိုင်အား အဆိုပါနေအိမ်မှ တွေ့ရှိ ထိန်းသိမ်းပြီး နေအိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ ယမ်းကြိုးတပ် လက်လုပ်မိုင်း ၄၃ လုံး၊ ယမ်းကြိုး ၂၃ ချောင်း၊ ကတ္ထူစက္ကူပုံး ၁ ပုံး၊ လက်ဆွဲအိတ် ၁ လုံးတို့နှင့် ဆက်စပ်သူ တပ်ကုန်းမြို့၊ ဆရာစံရပ်ကွက်၊ နယ်မြေ(၁)ရထား ဝန်ထမ်းလိုင်းခန်း၌ ရန်နိုင်မိုး(ခ) ရန်နိုင်(ဘ)ဦးမောင်တင်အား လည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။

    အလားတူမွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာ အောင်မြေမြို့နယ်၊ သံလျက်မှော်အရှေ့ရပ်ကွက်၊ ၈၈လမ်း၊ ၄၃လမ်းနှင့် ၄၄လမ်းကြားနေ ကျော်မျိုးသန့်(၂၆)နှစ် (ဘ)ဦးသိန်းတန်၏ နေအိမ်တွင်  ကျော်မျိုးသန့်အား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ကျည်ကာအင်္ကျီ ၄ ထည်၊ ဓာတ်ငွေ့ကာမျက်မှန် ၃ ခု၊ ဂျင်ကလိ ၅၀ ချောင်း၊ လေးခွ ၂ လက်၊ ဓားရှည် ၁ ချောင်း၊ ဟန်း စပီကာ ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    အလားတူမွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့၊ (၃)ရပ်ကွက်၊ စက်မှုလယ်ယာဘေး ကိုင်းတောအတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်လုပ်သေနတ် ၁ လက်နှင့် သံဘောစေ့ ၂၀ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

    အလားတူမေလ ၃ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်၊ ရန်ကုန်- မန္တလေး ရထားသံလမ်းဘေး၌ လက်လုပ်မိုင်း ၁ လုံးအား လည်းကောင်း၊ နံနက် ၁ နာရီခွဲအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ သာယာကုန်း ကျေးရွာအနီးတွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် လောင်းလုံမြို့ဘက်မှ ထားဝယ်မြို့ ဘက်သို့ အမျိုးသား ၇ ဦး မောင်းနှင်လာသောဆိုင်ကယ် ၅ စီးအား စစ်ဆေးရန်အတွက် တားဆီးရာ ၎င်းတို့မှ ရပ်တန့်ပေးခြင်း မရှိဘဲလုံခြုံရေး တပ်ဖွဲ့ဝင်များအား တူမီးသေနတ်၊ ဂက်စ်သေနတ်များဖြင့် ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အမျိုးသား ၁ ဦး(စိစစ်ဆဲ) မောင်းနှင်လာသော ဆိုင်ကယ်မှာ လဲကျသွား၍ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသားထံမှ ဂက်စ်သေနတ် ၁ လက်၊ တူမီးသေနတ် ၁ လက်၊ လေးခွ ၁ လက်၊ ဂျင်ကလိ ၁၀ ချောင်းတို့အား သိမ်းဆည်း ရမိခဲ့ပြီးအဆိုပါ အမျိုးသားမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူနိုင်ရေး တပ်မတော် ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

    အလားတူနံနက် ၁ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏကြီးပွားရေးရပ်ကွက်၊ ဘုရင့်နောင်လမ်းသွယ် (၂) နေစိန်မင်းစိုး (၃၈)နှစ် (ဘ) ဦးမြင့်ဆွေ၏ နေအိမ်အား သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအားမတွေ့ရှိရဘဲ ၎င်း၏ အမျိုးသမီးဖြစ်သူ ဒေါ်ကြူကြူနိုင် (၃၆)နှစ် (ဘ) ဦးရွှေဘိုအား တွေ့ရှိရသဖြင့် နေအိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ အမျိုးအစား (စိစစ်ဆဲ) လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

    အလားတူနံနက် ၈ နာရီခွဲအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကမ်းသာယာ ကျေးရွာ၊ MFD(အိမ်ခြံမြေအကျိုးဆောင်) ကုမ္ပဏီအနီး ချုံများအတွင်းမှ ကော်ဒိုင်း ၁၇ ခုအားတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သဖြင့် MFDကုမ္ပဏီဝင်းအတွင်း ဆက်လက်ရှာဖွေခဲ့ရာ ကုမ္ပဏီ အိမ်ရာ အတွင်းရှိအိမ်အမှတ်(၉)၊ လုံချင်းအိမ်အတွင်းမှ ဖိုက်ဘာဦးထုပ် ၁၁ လုံး၊ မျက်မှန် ၁၁ ခု၊ ဂျင်ကလိ ၇၆ ချောင်း၊ လေးခွ ၅ လက်၊ စတီးဘောစေ့ ၁၅၀ လုံး၊ ဂက်စ်ဘူး ၂ ဘူး၊  ဘောလုံးမီးပန်း ၈၄ လုံးတို့အား ထပ်မံသိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

    အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။