မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ပစ္စည်း၊ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့် အတူဆက်လက် ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ မေ - ၆

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့် ပို့ဆောင်ပေးသူများအား ဆက်လက် ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မေ ၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ဦးအောင်မိုးပိုင်ဆိုင်သည့် ခြံကွက်အတွင်းရှိ ရေကန်အတွင်းမှ ဒိုင်းကာ ၇ ခုအား လည်းကောင်း၊ ယနေ့ နံနက် ၇ နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ဒယ်ပုတ်ကွင်းကျေးရွာရှိ နိုင်လွင်(ဘ)ဦးမြင့်ဆွေအား ၎င်း၏နေအိမ်၌ လက်လုပ် လေသေနတ် ၁ လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ အဆိုပါကျေးရွာရှိ အောင်ကိုဝင်း (ဘ)ဦးဖုန်းငိုအား ၎င်း၏နေအိမ်၌ လက်လုပ်လေသေနတ် ၁ လက်နှင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် ကျောက်ထု-ဆောသွား ကားလမ်းအတိုင်း ကျောက်ထုမြို့ဘက်မှ ဆောမြို့ဘက်သို့ ကျော်ဇေယျာလင်း (၂၄)နှစ်(ဘ)ဦးဝင်းမောင်ပါ အမျိုးသား ၃ ဦးစီးနင်းလာသော ဆိုင်ကယ် ၂ စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းတို့မှ လက်လုပ်သေနတ် ၄ လက်အား သိမ်းဆည်းရမိသဖြင့် ၎င်းတို့အားဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်းသိရ သည်။

အလားတူနေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက် နေစဉ်ရန်ကုန်မြို့မှ မြိတ်သို့ ထွက်ခွာလာသည့် 9M/9344 “ရွှေစင်စင်္ကြာ”ခရီးသည်တင် မှန်လုံယာဉ် အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်၏ ဝမ်းဗိုက်အတွင်း တင်ဆောင်လာသော ကတ္ထူစက္ကူပုံးဖြင့် ထုပ်ထားသောအလျား ၂ ပေ၊ အနံ ၈ လက်မရှိSound Box ၁ လုံးအတွင်းမှ ၁ ပိဿာခန့်ယမ်းထုပ် ၁ ထုပ်နှင့် စကားပြောစက်၂ လုံးတို့အား ဝါယာကြိုးဖြင့် ဆက်သွယ်၍ မိုင်းအဖြစ် ပြုလုပ်ထားသည်ကို တွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေးလျက် ရှိကြောင်းနှင့် အဆိုပါမိုင်းအား သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ ကြောင်း သိရသည်။

  အလားတူမွန်းလွဲ ၂ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့၊ အမှတ်(၁)ရပ်ကွက်၊ အနော်ရထာလမ်းရှ ိကျောက်တံတားအောက်မှ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုသည့် လက်လုပ်သေနတ် ၅ လက်အား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာအနီး၌ ဆူပူအကြမ်းဖက်သူ အမျိုးသား တစ်ဦးအား တူမီးသေနတ် ၂ လက်၊ လက်လုပ်မိုင်း ၅ လုံးနှင့် လည်းကောင်း ဖမ်းဆီးထိန်းသိမ်း ရမိခဲ့ကြောင်းသိရသည်။

အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ် ထားရှိသူများနှင့် ပို့ဆောင်ပေးသူများအား ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။