မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်ခဲယမ်း၊ ပစ္စည်း၊ ကိရိယာများနှင့် ရောင်းဝယ်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်-၁၀
    
နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG၊ CRPH စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်း မှုကို ထိခိုက်ပျက်ပြားစေရန်နှင့် ၎င်းတို့၏ ဝါဒဖြန့်စည်းရုံးမှုများကို မထောက်ခံသည့် ပြည်သူလူထုအား အကြောက်တရားလွှမ်းမိုးနေစေရန် ရည်ရွယ်၍ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အဦများကို မိုင်းများဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့လူပုဂိ္ဂုလ်များအား ဒလန်အဖြစ်စွပ်စွဲသတ်ဖြတ်ခြင်းများကို ဆောင်ရွက် လျက်ရှိသည်။ ၎င်းအပြင် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးခံရမှု ကြောင့် PDF အပါအဝင် အခြားအကြမ်းဖက်အဖွဲ့အစည်းအချို့ကို စုဖွဲ့၍ မြို့/ရွာအချို့ အား အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
    
ထိုသို့လုပ်ဆောင်လျက်ရှိသဖြင့်အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော် ထုတ်မှုများ ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စစ်တောင်းတံတားအသစ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က မော်တော်ယာဉ်များအားစစ်ဆေးနေစဉ် မြဝတီမြို့ဘက်မှ ရန်ကုန်မြို့ ဘက်သို့ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ ဇော်ဇော် အောင်၊ ၃၅ နှစ်၊ (ဘ)ဦးသန်းဌေး မောင်းနှင်ပြီး ကျော်လွင်၊ ၄၅ နှစ်၊ (ဘ)ဦးမြအောင် လိုက်ပါလာသော YGN 6C/3110 Hyundai ခရီးသည်တင် မှန်လုံယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်၏ ဝမ်းဗိုက်အတွင်း တင်ဆောင်လာသော “စည်သူ” အမည်ပါ  ကတ်ထူပုံးအတွင်းမှ ပွိုင့် ၄၅ ( ငွေရောင် ) ပစ္စတို ၁ လက်နှင့် ပွိုင့် ၃၈ ကျည် ၁၀၀ တောင့်၊ Air Gun ၄ လက်နှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။ 
    
ကတ်ထူပုံးပေါ်တွင် ရေးသားထားသည့် “စည်သူ”အမည်အား ဆက်လက် စုံစမ်းဖော်ထုတ်ခဲ့ရာ ဇွန်လ ၂၇ ရက် ည ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ၁၆၁ လမ်း၊ တိုက်အမှတ်(၈)၊ (၈)လွှာရှိ တိုက်ခန်း၌ မျိုးစည်သူ၊ ၃၁ နှစ်၊ (ဘ)ဦးမျိုးမြင့် အား Air Gun ၁ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိ ခဲ့သည်။ 
    
တရားခံ မျိုးစည်သူ၏ ထွက်ဆိုချက်အရ ဇွန်လ ၂၈ ရက် ညနေ ၅ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဦးဝိစာရလမ်း၊ အိမ်အမှတ်(၃၁၆)နေ ဇာဏီထွန်း၊ ၂၉ နှစ်၊ (ဘ)ဦးခင်မောင်မြင့်အား ပွိုင့် ၂၂ ကျည်ဖြင့် ပစ်ခတ်ရသော လက်လုပ်ပစ္စတို ၁ လက်၊ ၎င်းကျည် ၃၀၀ တောင့်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အလားတူ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၅၈) ရပ်ကွက်၊ ဦးစောမောင်လမ်းနှင့် ဦးဘသော်လမ်းထောင့်၊ အိမ်အမှတ်(၁၀၅၈)နေ ကျော်ကျော်မိုး(ခ)မိုးသဲ(ခ)ငလုံး၊ ၄၀ နှစ်၊ (ဘ)ဦးအောင်သန်းအား Pen Gun ၁ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏နေအိမ်မှ Glock ပစ္စတို ၁ လက်၊ Pen Gun ၁ လက်နှင့် လက်နက်ဆက်စပ်ပစ္စည်းများ ထပ်မံရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
    
တရားခံ ကျော်ကျော်မိုး(ခ)မိုးသဲ(ခ)ငလုံး၏ ထွက်ဆိုချက်အရ ဘုရားသုံးဆူ မြို့နေ ကျော်လင်းအောင်မှ ပေးပို့သည့် လက်နက်/ခဲယမ်းများ တောင်ဥက္ကလာပမြို့နယ်၊ (၆)ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ အမှတ်(၁၂၄၃/အေ)ရှိ Royal Express အမြန်ချောပို့ လုပ်ငန်းရုံးတွင် ရောက်ရှိနေကြောင်း ဖော်ထုတ်ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ “ကိုဝင်းညို”  အမည်ဖြင့် မုံရွာမြို့သို့ ပို့ဆောင်မည့် ပါဆယ်ထုပ်အတွင်းမှ Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၄၈ တောင့်၊ “ကိုနောင်” အမည်ဖြင့် ရွှေဘိုမြို့သို့ ပို့ဆောင်မည့် ပါဆယ်ထုပ် အတွင်းမှ ပွိုင့် ၂၂ ကျည် ၁၀၀ တောင့်နှင့် “ကိုအောင်ထွန်း” အမည်ဖြင့် မြန်အောင်မြို့သို့ ပို့ဆောင်မည့် ပါဆယ်ထုပ်အတွင်းမှ ရွှေဝါရောင် Pen Gun  ၁ လက်၊ ပွိုင့် ၂၂ ကျည် ၂၀၀ တောင့်တို့အား ထပ်မံရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
    
တရားခံ မျိုးစည်သူ၏ ထွက်ဆိုချက်အရ မြောင်းမြမြို့၊ မြစန္ဒာရပ်ကွက်၊ ကမ်းနားလမ်းနေ မျိုးသူရဦး၊ ၂၁ နှစ် ၊ (ဘ)ဦးသိန်းမင်းထွန်း၊ ချစ်စိန်ဦးဆန်စက် လုပ်ငန်း လုပ်ကိုင်သူမှ သေနတ်တစ်လက်မှာယူထားကြောင်း ထပ်မံဖော်ထုတ်ရရှိ သဖြင့်  ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၃ ရက် နံနက် ၁၀ နာရီခွဲတွင် မြောင်းမြမြို့ရှိ “ဆုမွန်”ကုန်စည်ပို့ဆောင်ရေးဂိတ်၌ မျိုးသူရဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ ပွိုင့် ၂၂ Pen Gun     ၁ လက်၊ ၎င်းကျည် ၂ တောင့်၊ Gas Gun ၂  လက် နှင့်ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
    
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇူလိုင်လ ၆ ရက်တွင် မန္တလေးမြို့၌ လက်နက်/ခဲယမ်းများရောင်းဝယ်နေသူ တာရာ(ခ)မျိုးကိုကို(ခ)မျိုးဇော်၊ ၃၁ နှစ်၊ (ဘ)ဦးသိန်းလွင် အား ပြည်ကြီးတံခွန်မြို့နယ်၊ စံပြလမ်း၊ ၆၀ x ၆၁ ကြား၊ “စံပြ” လက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဇူလိုင်လ ၇ ရက်တွင် ပြည်ကြီးတံခွန် မြို့နယ်၊ (၆၁)လမ်း၊ ၁၂၈ x ၁၂၉ လမ်းရှိ ၎င်း၏ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ လက်နက်များပြုလုပ်ရာတွင် အသုံးပြုသည့် ဝရိန်စက် ၁ လုံး၊ လေထိုးတံ ၁ ချောင်း၊ သံဖောက်စက် ၁ ခု၊ ဆူးသွားဆိုဒ်စုံ ၆ ချောင်း၊ စပရိန်အသေး ၆ ခု၊ လေအိုး ၃ လုံး၊ လေဘား ၁ ခု၊ မီးသတ် ဆေးဘူးခေါင်း ၁ ခုနှင့် လေသေနတ်သံကိုယ်ထည် ၁ ခုတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းနှင့် တရားခံ တာရာ(ခ)မျိုးကိုကို(ခ)မျိုးဇော် ၏ ထွက်ဆိုချက်အရ လက်နက်ခဲယမ်းများအား မန္တလေးတိုင်းဒေသကြီး၊ အောက်မြေသာစံ မြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်ရှိ အောင်ရတနာကားဂိတ်မှတစ်ဆင့် ရေဦးမြို့သို့ စည်သူအောင်အမည်ဖြင့် ပို့ဆောင်ထားကြောင်း ဖော်ထုတ်ရရှိသဖြင့် သွားရောက်စစ်ဆေး ရှာဖွေခဲ့ရာ Pen Gun ၁ လက်၊ ပွိုင့် ၂၂ ကျည် ၁၀၀ တောင့်တို့အား ထပ်မံရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
    
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက် ခဲယမ်း၊ ပစ္စည်းကိရိယာများ၊ ရောင်းဝယ်သိုဝှက်သိမ်းဆည်းထားသူများနှင့် လက်ဝယ် ထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။