မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၇

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၂ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်ရှိ သာသနာ့မဏ္ဍိုင်ဂန္ဓမာရုံကျောင်း တိုက်၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုသည့်ပစ္စည်းများ သိုဝှက်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဘုန်းကြီးကျောင်းအတွင်းမှ လက်လုပ် ဂက်(စ်)သေနတ် ၂ လက်၊ လက်လုပ်မိုင်း အထုပ် ၃ ထုပ်နှင့် အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသော ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၄ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်း ပေါက်ကွဲမှုဖြစ်စဉ်များနှင့် ဆက်စပ်၍ ဖမ်းဆီးစစ်ဆေးလျက်ရှိသော ဟင်္သာကုန်းကျေးရွာနေ စိုးထွန်းထွန်း (၅၀)နှစ် (ဘ)ဦးမြင့်စိုးပါ ၅ ဦး၏ ထွက်ဆိုချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စိုးထွန်းထွန်း၏ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ ၎င်း၏နေအိမ်ခြံဝင်းအတွင်းမှ သံပိုက်ဖြင့်ပြုလုပ် ထားသော လက်လုပ်မိုင်း ၅ လုံးနှင့် အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသော ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။