မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

 
နေပြည်တော်၊ ဇွန် ၂၉

 
အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်ကြေညာထားသော CRPH ၊ NUG အဖွဲ့များသည် နိုင်ငံ တော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အဖျက်အမှောင့်လုပ်ငန်းများ၊ မိုင်းထောင် ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုနှင့် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့ လုပ်ဆောင်ရာတွင် အသုံးပြုလျက်ရှိသည့် လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက် လျက်ရှိသည်။

 
ထိုသို့ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုလုပ်ရပ်များတွင် ပါဝင်သူ သန်းဝင်း၏ ထွက်ဆိုချက်အရ ဇွန် ၂၈ ရက်နံနက် ၂ နာရီခန့်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၅/၈)ရပ်ကွက်နေ ပြောင်ကြီး (ခ)ခင်မောင်ထွေး(ခ)ချစ်မင်းနှင့် ရန်နိုင်စိုးတို့ ၂ ဦး၏ နေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့ရာ ပြောင်ကြီး (ခ) ခင်မောင်ထွေး (ခ) ချစ်မင်းအား ၎င်း၏နေအိမ်အတွင်းမှ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး နံနက် ၄ နာရီခန့်တွင် ရန်နိုင်စိုး၏ နေအိမ်သို့သွားရောက် ရှာဖွေခဲ့ရာ ၎င်းအား နေအိမ်၌မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ ပွိုင့် 45 Auto ကျည် ၁၆ တောင့်၊ ပွိုင့် 45 4CP ကျည် ၄ တောင့်၊ လက်လုပ်မိုင်း ၇ လုံး၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြောင်ကြီး(ခ) ခင်မောင်ထွေး(ခ)ချစ်မင်း၏ ထွက်ဆိုချက်အရ နေ့လယ် ၁၂ နာရီခွဲ အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၂)နေ ကိုလင်း(စိစစ်ဆဲ) ပိုင်ဆိုင်သော Lucky 7 KTV သို့ သွားရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ MG-1 လက်ပစ်ဗုံး ၂ လုံးအား သိမ်းဆည်းရမိကြောင်း သိရသည်။

 
အလားတူ မွန်းလွဲ ၃ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မလွှဲတောင် စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်နေ ဦးဝေ(၆၄)နှစ် မောင်းနှင်လာ သည့် MON 3N/5700 “ဂရိတ်” ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ခုံအမှတ်(၆)တွင် လိုက်ပါလာသည့် ခရီးသည် ထားဝယ်မြို့၊ ဘဝပင်ကျေးရွာနေ ကျော်စိုး(၅၂)နှစ် (ဘ)ဦးအုန်းကြိုင်၏ ထိုင်ခုံအောက်နှင့် ထိုင်ခုံရှေ့ခြေနင်းနေရာတို့တွင် တင်ဆောင်လာသော စက္ကူဖာအတွင်းမှ ဝါယာကြိုးတပ်ထားသော လျှပ်စစ်ဒီတိုနေတာ ၁ ဖာလျှင် ၅၀၀ ချောင်းပါ ၆ ဖာ(ပေါင်း ၃၀၀၀ ချောင်း)၊ ဝါယာကြိုး တပ်ဆင်ထားခြင်းမရှိသေးသည့် လျှပ်စစ်ဒီတို နေတာ ၁ ဖာလျှင် ၅၀၀ ချောင်းပါ ၆ ဖာ(ပေါင်း ၃၀၀၀ ချောင်း)၊ လျှပ်စစ်ရှော့တိုက်သတ္တုကြိုးခွေ ၁၆ ခွေ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 
အလားတူ မွန်းလွဲ ၄ နာရီ ၂၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့တောကျေးရွာနေ ဦးပေါ်လာ(၅၄)နှစ်၊ (ဘ)ဦးတဉ်၏ နေအိမ်အား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်၌မတွေ့ရှိရဘဲ ၎င်း၏နေအိမ်ခြံဝင်းအတွင်းမှ အမိုနီယမ်နိုက်ထရိတ် ၁ အိတ်လျင် ၄၀ ကီလိုဂရမ်ပါ ၁၆ အိတ်နှင့် ၁ အိတ်လျင် ၅၀ ကီလိုဂရမ်ပါ ၄ အိတ် စုစုပေါင်း ၂၀ အိတ်( ၈၄၀ ကီလိုဂရမ်)တို့အား တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 
အလားတူ ည ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့ပေါ်ရပ်ကွက်များ အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ကျောက်တွင်း ရပ်ကွက်၊ အောင်ဇေယျလမ်းနေ ဟိန်းရာဇာဟိန်း(၃၆)နှစ် (ဘ)ဦးခင်အိုင်၏နေအိမ်သို့ ဝင်ရောက် စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်တွင် မတွေ့ရှိရဘဲ အဆိုပါနေအိမ်အတွင်းမှ အရှည် ၃ လက်မခန့်ရှိ လက်လုပ်သေနတ် ၁ လက်၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 
အလားတူ ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(မြောက်)ရပ်ကွက်၊ ပြည်လမ်း၊ အမှတ်(၃၁၃-စီ) ၄ လွှာ ထက်အောင်ရှိန် (ခ)ဇာဏီထွန်း(၂၉)နှစ်၏နေအိမ်အား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေး ခဲ့ရာ CCI STANDARD VELOCITY 22LR တံဆိပ်ပါ အပြာရောင်စက္ကူဘူးဖြင့် ထည့်ထားသော ပွိုင့် ၂၂ ကျည်ဆံ ၅၀ တောင့်ပါ ၄ ဘူး၊ သံဘောစေ့ ၄၅၀ လုံးနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

 
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။