မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

 
နေပြည်တော်၊ ဇူလိုင် ၃

 
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 
ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် အောင်လံမြို့နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် ပြလို့ကျေးရွာနှင့် ပွဲသာကျေးရွာကြားရှိ တောင်စောင်းအနီး မြေကျင်းတစ်ခုအတွင်းမှ လက်လုပ်ဗုံး ၇၅ လုံး၊ Black Powder မှုန့်များ ထည့်ထားသည့် ဆပ်ပြာဘူးကြီး ၄ ဘူးနှင့် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော ပုလဲဓာတ်မြေဩဇာ ၅ ကီလိုခန့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 
အလားတူ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၊ မြိုင်ကုန်းကျေးရွာရှိ “ဝီလာသာရာမကျောင်းသစ်” ကျောင်းတိုက်အတွင်း၌ လက်လုပ်မိုင်း များ ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက် ရှာဖွေခဲ့ရာ ကျောင်းထိုင်ဆရာတော် ဉူးပညာသာမိ(၄၀)နှစ် (၂၄)ဝါ၊ (ဘ)ဦးချစ်ပါ သံဃာ ၃ ပါးနှင့် မြင်းခြံကုန်းကျေးရွာနေ ဦးမောင်မောင်ဒီ(၃၃)နှစ် (ဘ)ဦးထွန်းထွန်းဦးပါ အမျိုးသား ၈ ဦးတို့အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေခဲ့ရာ ကျောင်းဝင်းအတွင်းရှိ စတိုခန်းအတွင်းမှ လက်လုပ်မိုင်းအခွံ ၁၂ ခု၊ ကန့် ၁ ပိဿာ၊ ယမ်းမှုန့် ၁ ပိဿာ၊ ယမ်းကြိုး ၁၅ ချောင်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သဖြင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။