မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၆    
    
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    
ထိုသို့ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်တွင် ပေါင်းတည်မြို့နယ်၊ မှတ်တိုင်နယ်မြေရဲစခန်း (ပ)၁/၂၀၂၁၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)အမှုမှ တရားခံ ကျော်မင်းဦး(ခ)အောကြီး နှင့်ဆက်စပ်တရားခံ ကျော်သူရ(ခ)ဖိုးကျော်တို့ ၂ ဦး၏ ထွက်ဆိုချက်အရ ကျော်သူရ(ခ) ဖိုးကျော်နှင့် သဲကုန်းမြို့နယ်၊ ပျဉ်ကြီးကျေးရွာနေ စန်းမောင်(ခ)စန်းကြီး(၅၈)နှစ် (ဘ)ဦးအောင်မောင်းတို့ ၂ ဦး သည် ပေါင်းတည်မြို့နယ်၊ ကျောင်းစုကျေးရွာနေ ညွန့်လှိုင်(၅၅)နှစ် (ဘ)ဦးကုလားဆိုသူမှ စေခိုင်း၍  နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာနေ ကိုပေါက်ကင်း(စိစစ်ဆဲ)ထံမှ တူမီးသေနတ် ၁၃ လက်အား ငွေကျပ် ၃ သိန်းဖြင့် ဝယ်ယူကာ သဲကုန်းမြို့နယ်၊ ညောင်ပင်စုကျေးရွာနေ မြင့်စိုး(၄၈)နှစ် (ဘ)ဦးတင်မောင်၏ နေအိမ်တွင် အပ်နှံထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ အဆိုပါနေအိမ်အတွင်းမှ မြင့်စိုးအား တူမီးသေနတ် ၁၃ လက်နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် ဆက်စပ်တရားခံ စန်းမောင် (ခ)စန်းကြီး၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာ စန်းမောင်(ခ)စန်းကြီးအား ၎င်း၏နေအိမ်၌ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။    
    
အထက်ပါ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။